မှတ်မိကြသေးရဲ့လား၊ ၁၉၉၆ ခုနှစ်ကတုန်းကလည်း မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ အရေးယူထားတော့၊ ဗိုလ်ခင်ညွန့်က တိုင်းနဲ့ ပြည်နယ် ၁၄ ခုကထွက်တဲ့ စပါးတွေကို တိုင်းမြို့ကြီးတွေမှာ အကြီးကြီးတွေ ပုံမယ်၊ အဲဒီစပါးပုံကြီးတွေကို ရဟတ်ယာဉ်ပေါ်ကနေ ဗွီဒီယို၊ ဓာတ်ပုံတွေ ရိုက်မယ်၊ ရိုက်ပြီး နိုင်ငံတကာကို ပြမယ်၊ နိုင်ငံတကာသတင်းဌာနတွေကို ဖြေမယ် ပြောပြမယ်၊ အဲဒီစပါးတွေက မြန်မာနိုင်ငံမှာ ၂ နှစ် ထိုင်စားလို့ရတယ်၊ အရန်ဆန်တွေလည်း ဂိုထောင်တွေထဲမှာ ရှိသေးတယ်၊ စီးပွားရေးပိတ်ဆိုတာ တို့မမှုပါ၊ ဆိုပြီး ခပ်ပေါပေါ ပြက်လုံးတွေထုတ်ခဲ့သေးတာ အမှတ်ရကြမှာပေါ့။
အဲဒါအပြင်ကို အကော်ဒီယံကြီးတီးပြီး သီချင်းတပုဒ်တောင် ပေါ်လိုက်သေးတယ်လေ၊ စီးပွားရေး ပိတ်ဆိုတာ တို့မမှုပါ ဆိုပြီး။
အဲဒီအချိန်တုန်းက အာဏာရှင်သန်းရွှေ ခေတ်ပေါ့၊ အဲဒီလိုဖြစ်နေတဲ့အချိန်မှာပဲ ပြည်တွင်းမှာ အခုလိုမျိုး ဒေါ်လာ လုံး၀ပြတ်ထွက်သွားတာ၊ အဲဒါကို ခပ်တည်တည်နဲ့ ခင်ညွန့် အကွက်တွေ ထုတ်ပြီး၊ မြန်မာနိုင်ငံက တနှစ်ကို စပါး ၁၄ သန်း ထွက်တယ်၊ အရန်ဆန်တွေလည်း ရှိတယ် ဆိုပြီး လေပွပြတော့ အယ်ကန်ဆမ်က မြန်မာနိုင်ငံကို လူတယောက်ပဲလွှတ်ပြီး ပညာပေးလိုက်တာ၊ အခုခေတ် ထရမ့်လုပ်သလို Trade War တောင်မဟုတ်ပါဘူး၊ တယောက်တည်းနဲ့ မြန်မာနိုင်ငံကို သွားလှုပ်ခိုင်းလိုက်တာ၊ အဲဒီလူက အမေရိကန်နိုင်ငံသား ဂျူး သူဌေးကြီး တယောက်ပါ၊ နာမည်က ဂျော့ချ်ဆိုးရော့စ်လို့လူသိများတယ်၊ သူက မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ထိစပ်နေတဲ့ ထိုင်း၊ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယစတဲ့ နယ်စပ်ထိပ်တွေမှာ အေးဂျင့်တွေလွှတ်ပြီး မြန်မာနိုင်ငံကို တရား၀င်ရော၊ တရားမဝင်ကော ၀င်မယ့် ဒေါ်လာတွေကို ဈေးကြီးပေးပြီး ထိုင်၀ယ် ပြလိုက်တာ၊ သန်းရွှေ အစိုးရ နိုင်ငံတကာ မြန်မာသံရုံးတွေက ၀န်ထမ်းတွေကို လစာပေးဖို့တောင် ဒေါ်လာငွေမရှိ ဖြစ်သွားခဲ့ရတာ။ အဲဒီမှာပဲ နောက်ဆုံး ဂျပန်က မြန်မာသံရုံးကပိုနေတဲ့ မြေကွက်ကိုပါ ချရောင်းစားရတဲ့ဘ၀ ရောက်သွားတာပေါ့၊ ဘယ်လောက်ရလိုက်လဲဆိုတာတော့ မေ့သွားပါပြီ၊ စစ်အာဏာရှင်တွေရဲ့ ခေါင်းကြီးတဲ့ ဆေးမြီးတိုပေါ့၊
အခုလည်း စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ အဖွဲ့ခေါင်းဆောင်၊ ဇော်မင်းထွန်းက လုပ်လာပြန်ပြီ၊ တဧကမှာ စပါး ၅ တင်း ပိုထွက်လာမယ်ဆိုရင် တိုင်းပြည်ဝင်ငွေ ဒေါ်လာ သန်း ၃၅၀ ပိုရလာမယ်လို့ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားတယ်။
သူ တွက်ပြသွားတာ၊ မိုးစပါးစိုက်ဧက ၁၅ သန်း၊ နွေစပါးစိုက်ဧက ၃ သန်း ရှိတယ်လို့ ဆိုပါတယ်။ မိုးစပါးစိုက်ဧက တဧက ပျမ်းမျှ တင်း ၇၅ တင်းထွက်ရှိရာမှ တင်း ၈၀ ထွက်ရှိအောင် ဆောင်ရွက်မယ်ဆိုရင် စပါးတင်း ၇၅ သန်းခန့် ပိုမိုထွက်ရှိလာမှာ ဖြစ်သလို နွေစပါး တဧကကိုလည်း ပျမ်းမျှ ၈၅ တင်းထွက်ရာမှ တင်း ၉၀ ထွက်လာမယ်ဆိုရင် စပါးတင်း ၁၅ သန်း ပိုမိုထွက်ရှိလာမှာ ဖြစ်လို့ စပါးတင်း စုစုပေါင်း ၉၀ သန်း ပိုထွက်လာမှာလို့ ပြောသွားပြီး အလားတူ၊ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်ကလည်း လာမယ့် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံ စိုက်ပျိုးပြီးချိန် ဆီဖူလုံမှု အပြည့်အဝ ရရှိမယ်လို့ မျှော်မှန်းထားတဲ့အပြင် စပါး ၁ ဧက အထွက်နှုန်း ပျမ်းမျှ ၅ တင်းနှုန်း ပိုမိုထွက်ရှိပါက စပါးတင်းသန်းပေါင်း ၉၀ ခန့် ပိုမိုရရှိလာမယ် မျှော်မှန်းထားကြောင်း ဩဂုတ် ၈ ရက်ကပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။
အဲဒါပေါ့ ခင်ညွန့်အကွက်ဆိုတာ။
အခုနှစ်က ပထမစိုက်တွေသူတွေက မိုးခေါင်လို့ စပါးတွေက ပျက်၊ နောက်တော့ မိုးလေး ရွာလာတော့ ပထမပျက်သွားတဲ့နေရာမှာပဲ အမြန်ပြန်စိုက်၊ အဲဒီမှာပဲ မျိုးဖိုးက ၂ ခါကုန်သွားပြီး မျိုးက တအိတ်ကို ၂၄၀၀၀ မျိုးစပါးက ၄ အိတ် ဆိုတော့ ၈၄၀၀၀၊ နှစ်ခါကုန်တာဆိုတော့ ၁၆၈၀၀၀ မျိုးဖိုးတင် ကျပ် ၁ သိန်းခွဲကျော်နေပြီ၊နောက်၊ ထွန်ယက်ခက တဧကကို သူ့ဆီနဲ့သူကို ၄၀၀၀၀ ကျပ်၊ ဆိုတော့ ကျပ် ၂ သိန်းနဲ့ ၈၀၀၀၊ အခုနှစ် ဒီဘက်က တောင်သူတွေ အများစုက မြေဩဇာမသုံးနိုင်ဘူး။ ဈေးအရမ်းကြီးတာ။ မြေဩဇာက နိုင်ငံခြားကမှာရတာဆိုတော့ အခု ဘယ်ကုမ္ပဏီကမှ မ၀ယ်နိုင်တော့ဘူး၊ ရှိတဲ့ဟာတွေကလည်း အရင်ကထက် ဈေးက ၄ ဆ လောက် တက်သွားကြတော့ ဘယ်သူမှ ၀ယ်မထည့်နိုင်ကြဘူး၊ အဲဒီတော့ အခုနှစ်က သေချာပေါက် အထွက်လျော့တော့မှာ။ အရင်းပြန်ရရင် ကံကောင်းတယ်လို့ ပြောရမယ်၊ ကိုယ်တွေကတော့ ခါတိုင်း ၂ အိတ်ထည့်တဲ့နေရာမှာ တအိတ်တည်း ထည့်နိုင်တယ်။ အဲဒီတအိတ်ကို ၁၀၀၀၀၀ လောက် ပေးရတယ်။ အဲဒီတော့ ခုနက ၂၀၈၀၀၀ နဲ့ပေါင်းလိုက်ရင် ၃၀၈၀၀၀ ဖြစ်သွားပြီ။
ပေါင်းသတ်ဆေးကလည်း အရမ်းဈေးကြီးတော့ အဲဒါလည်း မ၀ယ်နိုင်ပြန်ဘူး။ ဒီအတိုင်း နိုင်သလောက် လူနဲ့ပဲ လိုက်လုပ်နေရတာ ဘယ်နိုင်မလဲ၊ လွှတ်ထားလိုက်ရတာပဲ။ ဒါပေမဲ့ ပိုးသတ်ဆေးကတော့ နည်းနည်းသုံးလိုက်ရတယ်။ အဲဒါကတော့ ၁၀၀၀၀ ဖိုးလည်း ကုန်တယ်၊ အဲဒီတော့ ၃၁၈၀၀၀ ဖြစ်သွားပြီနော်။
အခု ရိတ်သိမ်းခြွေလှေ့စက်ကလည်း ငှားလို့တောင် ရပါ့မလားမသိဘူး။ သူတို့လည်း မကိုက်ဘူးဆိုပဲ မနှစ်ကတော့ တဧကကို ၅ သောင်းခွဲ၊ အခုနှစ်တော့ ၈၀၀၀၀ လို့ ကြားနေတယ်။ အဲဒီတော့ ခုနက ကုန်ကျစရိတ် ၃၁၈၀၀၀၀ နဲ့ပေါင်းလိုက်ရင် စုစုပေါင်း-တဧကကို ကုန်ကျစရိတ် ကျပ် ၃၂၆၀၀၀ ကုန်သွားပြီ၊ စပါးအထွက်ကလည်း မနှစ်ကတော့ နည်းနည်းလောက် တူတူတန်တန် စိုက်နိုင်ခဲ့လို့ ၈၀ လောက်ထွက်ပေမဲ့ အခုနှစ်ကတော့ အလွန်ဆုံး ၅၀ နဲ့ ၆၀ ကြားပဲ ထွက်လိမ့်မယ်၊ စပါးဈေးက အရင်နှစ်က စပါး ၁၀၀ ကို ကျပ် ၅၇၀၀၀၀၊ ဆိုတော့ ၅၀ ပဲထွက်တဲ့ တဧက ဆိုရင် ၂၈၀၀၀၀ ပဲရမှာ၊ ကိုယ် ကုန်ထားတာက ၃၂၆၀၀၀ (အရင်းကျထားတော့ မမြတ်တဲ့အပြင် တဧကကို ၄၆ ကျပ် ရှုံးနေပြီ။ ကိုယ့်လုပ်အားခ၊ လိုအပ်တာကိုလုပ်ဖို့ လူခေါ်ရတဲ့အခတွေကလည်း ရှုံးတာပေါ့၊ အနည်းဆုံး စပါးဈေး ၇၀၀၀၀၀ လောက်ရရင်တော့ အရင်းကျေရုံပဲရမှာ အဲဒီဈေးနဲ့ ဘယ်သူက ဝယ်မှာလဲ။ အခု စစ်ကောင်စီက တဧကကို ၅ တင်းပိုထွက်အောင်လုပ်ခိုင်းမယ် ဆိုတာ ရူးနေလို့ပဲဖြစ်မှာ။ ကိုယ်တွေက တကယ်လုပ်နေသူတွေ။ အခုတွက်ပြတာကိုပဲ ကြည့် ဘယ်လယ်သမား သွားမေးမေး ဒီအတိုင်းနဲ့ ဒီထက်ပိုဆိုးတဲ့လူပဲ တွေ့မှာပဲ။ လာမယ့်နှစ် စိုက်ဖို့တောင် စဥ်းစားရတော့မှာ။ ဒီအတိုင်း ထိုင်နေတာကမှ တော်သေးတယ်။ အခုက ပင်ပန်းပြီး၊ ငွေသက်သက်ထိုင်ဖြုန်းနေသလို ဖြစ်နေပြီ၊ တခြားအလုပ်တခုခုလုပ်ဖို့ပဲ စဉ်းစားရတော့မယ်လို့ ဧရာ၀တီတိုင်းက တောင်သူတယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတွေမှာ စပါးအဓိက စိုက်ပျိုးကြပြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာလည်း စိုက်ပျိုးကြပါတယ်၊
စစ်တပ်ကအာဏာမသိမ်းခင် ၂၀၁၈-၂၀၁၉ ခုနှစ် စာရင်းတွေအရ မိုးစပါး ၁၅၀၈၃၁၅၆ ဧက၊ နွေစပါး ၂၇၇၇၈၉၉ ဧက စိုက်ပျိုးခဲ့တယ်လို့ သိရပြီး၊ အဲဒီအချိန်တုန်းက စုစုပေါင်း ၁၈ သန်းနီးပါး စိုက်ပျိုးခဲ့တယ်လို့ အရင် NLD အစိုးရလက်အောက်ခံ စိုက်ပျိုးရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
အဲဒီ စိုက်ပျိုးဧက ၁၈ သန်းထဲမှာ အခု စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့၊ စပါးကျီတွေ မီးရှို့တာတွေကြောင့် စစ်ကိုင်းတတိုင်းလုံးနီးပါး၊ မကွေးတိုင်း၊က မြို့နယ်များစွာ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တွေက ကျေးရွာတွေများစွာက ဒေသခံတွေက ရွာတွေ၊ စိုက်ခင်းတွေကိုထားပြီး ထွက်ပြေး တိမ်းရှောင်နေကြသူ စစ်ဘေးဒုက္ခသည် ပေါင်း ၁ သန်းကျော် ရှိသွားပြီလို့ ISP Myanmar ရဲ့ မေလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ စစ်ကိုင်းတိုင်းအတွင်းမှာ စိုက်ဧကပေါင်း ၂၀၇၉၃၃၁ ဧက၊ မကွေးတိုင်းမှာ ၇၀၇၈၆၈ ဧက၊ ကချင်ပြည်နယ်မှာ ၄၆၀၉၁၄ ဧက၊ ကယားပြည်နယ်မှာ ၈၇၈၆၆ ဧက၊ ကရင်ပြည်နယ်မှာ ၅၄၆၃၁၃ ဧက၊ ချင်းပြည်နယ်မှာ ၇၈၉၄၇ ဧက၊ တနင်္သာရီမှာ ၂၄၀၉၉၈ ဧကရှိပြီး အဲဒီဒေသတွေက စပါးစိုက် ဧကပေါင်း ၇ သန်းခန့်ကက တ၀က်လောက်တောင် စိုက်ပျိုးလို့ မရတော့ဘူး၊ လတ်တလောမှာ စစ်ကိုင်းတတိုင်းလုံးနီးပါး လွတ်မြောက်နယ်မြေ၊ မကွေးတိုင်းရဲ့ တ၀က်လောက် လွတ်မြောက်နယ်မြေတွေဖြစ်ပြီး၊ တခြားတိုင်နဲ့ ပြည်နယ် ၅ ခုမှာလည်း လတ်တလော စစ်ကောင်စီရဲ့ ထိုးစစ်တွေ၊ ရွာတွေထဲက နှင်ထုတ်တာတွေ၊ ကျေးရွာတွေကို မီးရှို့တာတွေကို လုပ်ဆောင်နေတာကြောင့် အဲဒီ တိုင်းနဲ့ ပြည်နယ်တွေကလည်း စပါးစိုက်ဖို့ကို ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ရှိနေပါတယ်လို့ တိုင်းစိုက်ပျိုးရေးမန်နေဂျာ (အငြိမ်းစား)တယောက်က အခုလို တွက်ပြသွားပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ပဲခူးတိုင်းဘက်က တောင်သူတွေ အစိုက်များတဲ့ ရတာနာတိုး၊ ကျော်ဇေယျ၊ ကရင်မ၊ (မှော်ဘီ) အဲဒါတွေက တဧကကို ၂ တင်းနှုန်း မျိုးစပါး ထည့်ရတယ်။ အဲဒီအတွက် မျိုးဖိုးက ၂ သောင်းလောက်ပဲ ကုန်တာ။ အဲဒီအတိုင်း အခုက ၄ သောင်းခွဲ၊ ၅ သောင်းလောက် မျိုးစပါးဖိုးကုန်နေပြီ။ ဓာတ်မြေဩဇာက အာဏာမသိမ်းခင်က ၄ သောင်းလောက်ပဲ ရှိတာ။ အခု တအိတ် ၁ သိန်းဖြစ်သွားပြီ၊ နောက်ထွန်ယက်ခကလည်း တဧက ကို ၂ သောင်းဆိုရင်ရတာ၊ အခု ၄ သောင်းကျော်သွားပြီ။ အဲဒါက တဇက်မောင်းတာ တဧကလုံးဆိုရင် ၂ ဇက်မောင်းမှ အဆင်ပြေတာ။ အဲဒီတော့ ၈ သောင်းကျော်လောက်ကုန်တယ်။ နောက် ရိတ်သိမ်းခြွေလှေ့စက်က အာဏာမသိမ်းခင်က တဧကကို ၄၅၀၀၀၊ အခုက ၇၀၀၀၀ ကျော်သွားပြီ အကုန်တက်နေကြတာ၊ အခုက ထွန်ယက်ခတွေက ဈေးကြီးတော့ အရင်က လယ်တဧကကို ၃ ထက်လောက် ထွန်တဲ့နေရာမှာ ထွန်ယက်ခတွေ ဈေးကြီးတော့ အခုတော့ ၂ ထပ်ပဲ ထွန်နိုင်တော့တယ်။
အဲဒီတော့ သမန်းမညက်ဘူး၊ သမန်းမညက်တော့ အထွက်လည်း ညံ့မှာပဲ၊ နောက်မြေဩဇာ၊ နိုက်ထရိုဂျင်-ပလဲ မြေဩဇာဖိုးကလည်း ကြီးတော့ တဧက ၂ အိပ်နှုန်း မထည့်နိုင်ဘဲ တအိတ်ပဲ ထည့်နိုင်တော့တယ်၊ ပြီးတော့ရာသီဥတုကလည်း အခုနှစ်မကောင်းဘူး။ အဲဒီတော့ အခုနှစ် အထွက်တိုးဖို့မပြောနဲ့၊ အရင်နှစ်တွေက စံချိန်ကိုတောင် မီမှာမဟုတ်ဘူး။ အခုက စပါးစစိုက်တုံးကလည်း မိုးခေါင်တယ်၊ စပါးပင်တွေ တော်တော်ပျက်စီးကုန်တယ်။ အခု အပင်ဖြစ်တဲ့အချိန်မှာလည်း မုန်တိုင်းနဲ့တွေ့တယ်။ အခု ၁၀ ဧက ရှိတဲ့ လယ်သမားက ၅ ဧက လောက် ပြန်ရဖို့တောင် မသေချာတော့ဘူး။
အဲဒီလိုအခြေအနေတွေမှာ စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာ တဧကကို ၅ တင်း ပိုထွက်အောင် လုပ်မယ်ဆိုတော့ သိပ်တော့မထူးဆန်းပါဘူး။ နဂိုကတည်းက နကန်းတလုံးမှ မသိတဲ့ လူတွေက အရင်ကတည်းက ဟာသတွေ ပြောနေကျဆိုတော့ အခုလည်း ဟာသတွေ ပြောနေတာ ဖြစ်မှာလို့ ပြည်မြို့နယ်က တောင်သူတယောက်က ပြောပါတယ်။
အခုလို စစ်ကောင်စီက လျှာရိုးမရှိ၊ အောက်ခြေက အခြေအမြစ်မရှိဘဲ တင်ပြလိုက်တဲ့ ဧက ကိန်းဂဏန်းတွေအရ တနိုင်ငံလုံးစိုက်ဧက ၁၈ သန်းဆိုတာကြီးက စာအုပ်ထဲမှာရှိတဲ့ ကိန်းဂဏန်းတခု ဖြစ်နေပြီး၊ တကယ့်မြေပြင်မှာက စိုက်ဧက ၇ သန်းလောက်က စိုက်ပျိုးမယ့်သူ မရှိတော့တဲ့ လယ်ကွက်လွတ်တွေ ဖြစ်နေပြီး၊ (၁၈-၇ = ၁၁) ကျန်တဲ့ ဧက ၁၁ သန်းခန့်ကလည်း ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့နဲ့ အထွက်ကောင်းဖို့က အခုလို အစစအရာရာ ဈေးကြီးနေတဲ့ ခေတ်ကြီးမှာ မဖြစ်နိုင်တော့ပါဘူး။ နောက် ဓာတ်မြေဩဇာ တအိတ် ၁ သိန်းလောက်ကို တောင်သူတွေ မမတတ်နိုင်ကြတော့ စပါးက ခါတိုင်းထွက်နေကျနှုန်းထက် တ၀က်လောက်ပဲ ထွက်နိုင်တော့မယ်လို့ မျှော်လင့်နေတဲ့အချိန်မှာ စပါးစိုက်ပျိုးရေးကို နကန်းတလုံးမှ မသိတဲ့ လက်နက်ကိုင် အကြမ်းဖက်စစ်ခေါင်းဆောင်က စပါးတဧကကို ၅ တင်း ပိုထွက်အောင် လုပ်မယ် ဆိုတာက… ။
(အရင်ခေတ်က ၀ယ်သာ (Weather) မကောင်းရင်၊ ၀ယ်သာ (Weather) ဖြုတ်လဲခိုင်းတဲ့ ၀န်ကြီးလို) (ရေသန့် PH-7)ကို ၁၂-၁၃ ထိ ထွက်အောင်လုပ်ခိုင်းသလို၊၊ ရထားမသွားတဲ့ ရထားလမ်းကြီးတွေ ဖောက်တဲ့ ၀န်ကြီးလို၊ သယံဇာတတွေများစွာထွက်ပြီး တိုင်းပြည်တခုလုံးကို ချွတ်ခြုံကျအောင် လုပ်နိုင်ခဲ့တဲ့) အရည်အချင်းအတိုင်းပဲ ထူးမခြားနားပါပဲလို့။
ဘညို