စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဩဂုတ် ၂၃ ရက်က စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက ထုတ်ပြန်ထားပါတယ်။
အဲဒီမနက်ပိုင်းက အင်အား ၇၀ လောက်ပါ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘုမ္မဇင်းကျေးရွာမှ ချမ်းသာစုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာရာမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
"မနက်ပိုင်းက စစ်ကြောင်းထိုးလာတာကို ကြားကနေ ဖြတ်တိုက်တာပါ။ အရင်ဆုံး မိုင်းဖောက်ခွဲပြီး အပြန်လှန်ပစ်ခတ်ကြတာ။ သူတို့ဘက်လည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာ ရှိတယ်။ ကျနော်တို့ဘက်မှာတော့ လက်နက်အင်အားက သူတို့လောက်တော့ မရှိဘူးပေါ့။ ဒါပေမဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့တယ်၊ ကျနော်တို့ဘက်မှာတော့ အထိအခိုက်မရှိခဲ့ဘူး" လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ကျောက်လုံးကြီး ( KLG ) မှ တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်အရ သေဆုံးအလောင်းတွေကို ချင်းတွင်းမြစ်အတွင်း သဲအိတ်တွေနဲ့ ဖိပြီးမြှုပ်နှံသွားကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကနီမြို့နယ်အတွင်းက မုံရွာ - ယာကြီးလမ်း မိုင်တိုင် (၃၂ ) မှာ တပ်စွဲထားတဲ့ အင်အား ၁၅၀ လောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နေ့လယ် ၂ နာရီလောက် ဝင်ရောက်တိုက်ခိုက်ရာမှာ ကျောက်လုံးကြီး KLG တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ပေမယ့် အရေတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
“နေ့လယ်ပိုင်းက တိုက်ပွဲမှာတော့ မိုင်တိုင် ၃၂ ဘက်က တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကျနော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်တိုက်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိခိုက်အသေပျောက်များပေမယ့် အရေအတွက်ကိုတော့ မသိရသေးဘူး။ ကျနော်တို့ဘက်မှာတော့ ရဲဘော် ၂ ယောက် ဒဏ်ရာရသွားတယ်။ အဲ့ဒီအထဲက ၁ ယောက်ကတော့ ဗိုက်ကို ကျည်ထိသွားလို့ စိုးရိမ်ရပါတယ်” လို့ ကျောက်လုံးကြီး KLG တာဝန်ရှိသူက ပြောပါတယ်။
ကနီမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ရေကြောင်းကနေ စစ်အင်အားဖြည့်တာတွေနဲ့ လက်နက်ရိက္ခာ ဖြည့်တင်းနေတာတွေကြောင့် စစ်ရေးတင်းမာနေပါတယ်။