စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ်မှာ ဩဂုတ် ၂၂ ရက်က ရန်ကြီးအောင် စစ်ဆေးရေးဂိတ်မှာ တပ်စွဲ ထားတဲ့ စစ်သား ၁၃ ယောက်ဟာ တိုက်ကင်းထွက်လာချိန် သံဖိုကျေးရွာနားအရောက် Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) နဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ CDF-KKG ထံက သိရပါတယ်။
၂ နာရီလောက်ကြာတဲ့ အဲဒီတိုက်ပွဲမှာ စစ်တပ်က ၂ ဦး သေဆုံးခဲ့ပြီး သူတို့ရဲ့တပ်စခန်းဘက်ကို ပြန်ဆုတ်သွားကြတယ်လို့ CDF-KKGက ရဲဘော် တဦးက ပြောပါတယ်။
ဆုတ်ခွာသွားတဲ့ စစ်တပ်ဟာ ရန်ကြီးအောင်စစ်ဆေးရေးဂိတ်ကနေ နောက်ထပ်တစ်ကြိမ် ရောက်လာတာကြောင့် CDF-KKG ပူးပေါင်းတပ်ဖွဲ့နဲ့ ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီး တပ်သား ၁ ယောက် ထပ်သေခဲ့တယ်လို့ အဆိုပါရဲဘော်က ပြောပါတယ်။
မနေ့ကတိုက်ပွဲမှာ စစ်တပ်က ၃ ယောက် သေခဲ့ပေမဲ့ ပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံးတာ မရှိဘူးလို့ CDF-KKG ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တိုက်ပွဲအပြီး စစ်တပ်က သံဖိုကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်တာကြောင့် သံဖိုကျေးရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးကြရတယ်လို့ သိရပါတယ်။