Home
မြန်မာသတင်း
ဂန့်ဂေါနှင့်ထီးလင်းကို စစ်ကောင်စီက စစ်ကြောင်း ၄ ကြောင်းဖြင့် ထိုးစစ်ဆင်၊ ရွာ ၇ ရွာက ပြည်သူများ ထွက်ပြေးနေရ
DVB
·
August 23, 2022
298758383_186180137201744_6887197652301223641_n

မကွေးတိုင်း ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေကို စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာ ၇ ရွာလောက်က ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး အမျိုးသားတယောက် စစ်ဘေးရှောင်ရင်း သေဆုံးခဲ့တယ်လို့ ယောဒေကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ် လုံခြုံရွာနားမှာ သြဂုတ် ၂၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ မိနစ် ၄၀ လောက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ယောက်လက်မှာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကိုတော့ မသိရသေးဘူးလို့ ယောဒေသကာကွယ် ရေးတပ်ဖွဲ့ YDF ရဲ့ ဒုတိယစစ်ဦးစီးချုပ် ကိုဖြိုးက ဒီဗွီဘီကိုပြောပါတယ်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ လုံခြုံရွာဘက်မှာ စစ်ကြောင်းတကြောင်း၊ မြစ်သာ ဆည်ဘက်ကနေစစ်ကြောင်းတကြောင်း၊ နှမ်းခါးကျေးရွာဘက်ကနေ စစ်ကြောင်းတကြောင်းနဲ့ ထီးလင်းမြို့နယ် ကျောက်ထုဘက်က စစ်ကြောင်းတကြောင်း စုစုပေါင်း စစ်ကြောင်း ၄ ကြောင်းခွဲပြီး စစ်ကောင်စီက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

နှမ်းခါးရွာဘက်ထိုးတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သြဂုတ် ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်ဘေးရှောင်စခန်းတခု၊ နာရေးကူညီမှုကားတစီးနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဆေးကုပေးတဲ့ ဆေးခန်းတခုကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

“စစ်ကြောင်းတစ်ကြောင်းကို စစ်(...)အင်အား ၁၀၀ ကနေ ၂၀၀ အထိ ပါဝင်ပြီး နှစ်ဖက်စစ်ရေးတင်းမာမှုတွေ မြင့်မားကာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်။ သူတို့တွေ စစ်ကြောင်းထိုးနေလို့ နှမ်းခါး၊ မွှေ့လယ်၊ ရေရှင်မ၊ (နှမ်းခါး)ရေရှင်၊ ပနန်း၊ စင်ပုံ၊ စံပယ်နဲ့ ကင်းပန်းရွာတွေက ဒေသခံပြည်သူတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ YDF ဒုတိယစစ်ဦးစီးချုပ် ကိုဖြိုးက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်တောင်ပိုင်း ဒေသခံစစ်ရှောင်ပြည်သူတယောက်က “ရွာသူရွာသားတွေကတော့ ကြောက်ရတာတမျိုး၊ ပြေးဖို့အထုပ်ပိုးတွေ ပြင်ရတာတမျိုးနဲ့ ဆက်သွယ်ရေး ဖုန်းလိုင်းတွေပြတ်တော့ အခက်ခဲတွေအများကြီးရှိတာပေါ့။ နှမ်းတွေသိမ်းတဲ့ အချိန်ဖြစ်လို့ စစ်ကြောင်းလာလို့ ပစ်ထားခဲ့ပြီး ထွက်ပြေးကြရတော့ သီးနှံတွေဆုံးရှုံးရတယ်။ လယ်သမားတွေလည်း ကောက်စိုက်နေရင်း တန်းလန်းနဲ့ ထပြေးခဲ့ကြရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို သြဂုတ်လ ၂၁ ရက်နေ့မှာ စစ်ကြောင်းထိုးလာလို့ မိုးတွေအရမ်းရွာတဲ့အချိန်မှာ ထွက်ပြေးခဲ့ရပြီး  ပြေးရင်းလွှားရင်းနဲ့ အသက် ၅၀ အရွယ် ဦးအောင်တင်ဟာ လမ်းမှာသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်(...)တွေဟာ ရွာတရွာကို ဝင်ပြီဆိုတာနဲ့ အိမ်တွေအကုန်ဝင်၊ သော့တွေအကုန်ရိုက်ဖျက်၊ ဗီ ဒိုတွေ အကုန်ရိုက်ခွဲပြီး အကုန်မွှေထားခဲ့တာ။ ရာသီသီးနှံတွေဖြစ်တဲ့ နှမ်းတွေကိုလည်း နင်းခြေဖျက်ဆီးထားခဲ့ကာ ကြက်တွေ နွားတွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်တောက်ပိုင်းမှာ ပြီးခဲ့တဲ့ တလလောက်က စတင် စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းနဲ့ ငွေကြေးတွေ၊ ဘုရားငွေ၊ ဘုန်းကြီးငွေတွေကိုပါ သိန်း ၁၀၀၀ ဖိုးလောက် ဓားပြတိုက်သွားကြတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါခရိုင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးရင်းအသုံးပြုပြီး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာ၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024