တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်ဆက်လက်ကိုင်ဆောင်လိုပါက တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေမှာ ဝင်ရောက်တာဝန် ထမ်းဆောင်ရွက်ခွင့်ပေးသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီခန့် ဝန်ကြီးတွေနဲ့ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေ တက်ရောက်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
အခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး အဆိုပါအဖွဲ့တွေနဲ့ သဘောတူညီချက်တွေရရှိပြီး လက်မှတ်ရေးထိုးနိုင်တဲ့အထိ အကြိမ်ကြိမ်ထပ်မံဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်း နောင်တစ်ချိန် လွှတ်တော်တွေ ပြန်လည်ကျင်းပချိန်မှာ ငြိမ်းချမ်းရေးညီလာခံပြန်ကျင်းပမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။
တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေးတွေရရှိဖို့ နိုင်ငံရေးစင်မြင့်လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်လိုပါကလည်း ဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရေး နိုင်ငံတော်က ကူညီဆောင်ရွက် ပေးမှာဖြစ်ကြောင်း၊ လက်နက်ဆက်လက်ကိုင်ဆောင် လိုပါကလည်း တပ်မတော်မှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်း၊ နယ်ခြားစောင့်တပ်တွေမှာ ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်းများ ဆောင်ရွက်ခွင့်ပေးမယ်၊ ဒါပေမဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေဖြစ်အောင် ဆောင်ရွက်ခဲ့တာရှိပါက နစ်နာတွေက တောင်းဆိုပါက ဥပဒေနဲ့ အညီဖြေရှင်း ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြည်သူတွေအပေါ် ထိခိုက်နစ်နာအောင် လုပ်ခဲ့ရင်အရေးယူဖို့ စစ်ခေါင်းဆောင်ကပြောနေပေမဲ့ စစ်ကောင်စီတပ်တွေ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ အပေါ်မှာတော့ အရေးယူဖို့ စစ်ခေါင်းဆောင်က တစုံတရာပြောဆိုခဲ့တာ မရှိပါဘူး။
စစ်ကိုင်းတိုင်း အစွန်အဖျားပိုင်းဟာ သွားလာရေးကန့်သတ်ချက်ရှိနေလို့ PDF နဲ့ EAO တွေစိတ်ဝင်စားပြီး လက်နက်၊ ခဲယမ်းတွေ ပိုမိုစုဆောင်းလာတာကိုတွေ့ရကြောင်း၊ EAO တွေအနေနဲ့ သူတို့ နယ်မြေပြင်ပမှာ တိုက်ပွဲတွေဖြစ်ပွားတာကို ပိုမိုလိုလား ပုံဖော်နေတာ တွေ့ရလို့ လုံခြုံရေးအသိ၊ သတိနဲ့ ဆောင်ရွက်ရန်လိုကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ လတ်တလောမှာ တိုက်ပွဲတွေ ဖြစ်ပွားတာမရှိတဲ့ EAO အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေလည်းပြုလုပ်နေပါတယ်။
PHOTO-DSINFO