တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ ဒီကနေ့ ဩဂုတ် ၂၂ ရက် ညနေ ၅ နာရီက ကျေးရွာအုပ်ချုပ်ရေးမှူး စီးလာတဲ့ကားကို အမည်မသိသေနတ်သမားတွေက ဝိုင်းဝန်းပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့နယ်အစည်းအဝေးကပြန်လာတဲ့ ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ရွာထိပ်ကစောင့်ပြီး ပစ်ခတ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။
“အုပ်ကြီးတို့အဖွဲ့က Taxi နဲ့ပြန်လာတာ။ သုံးဘီးဆိုင်ကယ်နဲ့ လူငါးဦး လာပစ်တာ။ ကားသမားပါ သေသွားတယ်။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေရော” လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ညွန့်၊ ရာအိမ်မှူးတွေဖြစ်တဲ့ ဦးအေးမြင့်၊ ဦးဝင်းဇော်၊ ဦးသန်းဌေးနဲ့ အငှားယာဉ်မောင်း၊ သုံးဘီးဆိုင်ကယ်မောင်းနှင်သူ ကိုဘိုဘိုလည်း သေဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူမှာ ရာအိမ်မှူး ဦးစန်းလွင် ဖြစ်ပြီး သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရရှိသူကို တွံတေးမြို့နယ်ဆေးရုံ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
လက်တလောမှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ထွေအုပ် အင်အားများစွာနဲ့ တွံတေးမြို့ပေါ်နဲ့ ဇီးဖြူကုန်းကျေးရွာမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။