စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ ဩဂုတ် ၂၂ ရက် မနက် ၇ နာရီက ဗုံးပေါက်ကွဲပြီး လူငယ်တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့ခံတဦးက “ခင်ဦးမြို့ပေါ် ဗိုလ်ချုပ်ကြေးရုပ်နားက စစ်သားတွေ အမြဲထိုင်နေတဲ့ ကျော်စည်ဟိန်း ဘီယာဆိုင်ထဲမှာ ပေါက်တာ” လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ဘီယာဆိုင်မျက်နှာချင်းဆိုင်ရှိ Every Day လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်သောက်ပြီး ပြန်ထွက်လာတဲ့ အသက် ၂၀ နှစ်အရွယ် မောင်ရဲဝင်းထွဋ်ဟာ ယမ်းစင် သေဆုံးကာ နောက်ထပ် နှစ်ယောက်လည်း ဒဏ်ရာ အပြင်းအထန်ရသွားတယ်လို့ မြို့ခံက ပြောပါတယ်။
“အဲဒီနေရာကနေ ဈေးသည်တွေ၊ ဆိုင်ကယ်တွေ၊ ခရီးသည်တွေကို နေတိုင်းစစ်ဆေးနေတဲ့ နေရာဆိုတာ လူတိုင်းသိတယ်။ အခုပေါက်ကွဲတာလည်း အဲဒီဆိုင်နားက ပေါက်ကွဲတာ။"
ကျော်စည်ဟိန်း ဘီယာဆိုင်ဟာ ဆိုင်မဖွင့်တာ ကြာပြီးဖြစ်ပြီး စစ်တပ်က အဲဒီဆိုင်မှာ စခန်းချလေ့ ရှိတယ်လို့ မြို့ခံအမျိုးသမီးက ပြောပါတယ်။
ခင်ဦးမြို့ပေါ် ဗုံပေါက်ကွဲတာနဲ့ပတ်သက်ပြီး မြို့ပေါ်ခံတွေကတော့ စစ်တပ်က လုပ်တာ ဖြစ်နိုင် တယ်လို့ ပြောဆိုနေကြပြီး ဒီဗွီဘီအနေနဲ့ ဘယ်အဖွဲ့အစည်းက လုပ်ဆိုတာကို သီခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။
အခုလို ပေါက်ကွဲပြီးနောက် ခင်ဦးမြို့ပေါ်မှာ စစ်တပ်က ကား၊ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေပြီး လုံခြုံရေးတင်းကျပ် စစ်ဆေးနေပါတယ်။
ခင်ဦးမြို့ပေါ်မှာ အခုရက်ပိုင်း ဗုံးပေါက်မှုဖြစ်စဉ်တွေ ထွေအုပ်ရုံးနဲ့အထကကျောင်းနားတွေမှာ ဖြစ်ပွားခဲ့ပါတယ်။