စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဧရာဝတီမြစ်ရိုးတလျှောက် ကမ်းကပ်ထားတဲ့ စစ်ဘေးရှောင်တွေရဲ့ စက်လှေ ၁၄ စီးကို စစ်ကောင်စီတပ်က သိမ်းဆည်းသွားပြီး သြဂုတ် ၂၀ ရက်နေ့က ငွေနဲ့ ရွေးခိုင်းတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဧရာဝတီ မြစ်ရိုးတလျှောက်က ကမ်းဖြူကျေးရွာ၊ အင်ဒေါင်းကျေးရွာနဲ့ အနီးကျေးရွာက စစ်ဘေးရှောင်တွေရဲ့ မော်တော်စက်လှေကို ကြက်တူရွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက သိမ်းသွားခဲ့တာ လို့ဒေသခံတွေကပြောပါတယ်။
"သူတို့က စက်လှေတစ်စီးကို ကျပ်သိန်း နှစ်ဆယ်တန်တဲ့ စက်လှေဆို ဆယ်သိန်းနဲ့ရွေးခိုင်းတယ်။ ဆယ့်ငါးသိန်းတန်တဲ့ စက်လှေဆိုရင်တော့ ငါးသိန်းနဲ့ရွေးခိုင်းတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သိမ်းဆည်းသွားတဲ့စက်လှေတွေကို ထုံးကြီးကျေးရွာထဲက သာယာဝတီကူးတို့လှေသမား ပျူစောထီး ခေါင်းဆောင်ဆီမှာ ပိုက်ဆံပေးပြီး ရွေးယူခဲ့ရတယ်လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗိုလ်ကျားကြီးက "သူတို့က ခုစစ်ဘေးရှောင်တွေရဲ့ စက်လှေတွေကိုသိမ်းပြီးငွေတောင်းတာ၊ ခုတပ်လည်း ဒီလိုငွေရှာတယ်ဆိုရင် နောက်တပ်တွေလည်း ဒီလိုလုပ်မှာပဲ၊ သူတို့သိမ်းမသွားအောင် စက်လှေကို ရေအောက်ထဲ မြှုပ်ထားရမှာ၊ စက်တွေကို သယ်သွားပြီး လှေကိုမြှုပ်ထားရင်တော့ ဘယ်သူမှမဖော်ယူဘူးလေ၊ အခုကစက်လှေသိမ်းရုံနဲ့ သိန်း ၁၀၀ ကျော်ပဲ၊ ရှာရအရမ်းလွယ်တယ်၊ သူတို့ကို ပိုက်ဆံပေးပြီး ထောက်ပံ့ပေးနေသလိုပဲ၊ နောက်အခါတွေတော့ ရွေးဖို့ ခွင့်မပြုပေးတော့ဘူး"လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင် စားနပ်ရိက္ခာတွေနဲ့ အဖိုးတန် ပစ္စည်းတွေကို ခိုးယူအပြင် အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်လေ့ရှိတာ ဖြစ်ပါတယ်။