(၁)
၁၉၇၈-ခုနှစ်ဝန်းကျင်က မြန်မာစာပေနယ်ပယ်၌ လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး လှိုင်းဂယက်တခု ထခဲ့ဖူးသည်။
လူထုအကျိုးပြု စာပေအယူအဆကို ဦးထိပ်ထားကြသည့် ပြည်သူချစ်သော စာရေးဆရာများပင်လျှင် ထိုလက်ဝဲအလွန်အကျွံစာပေ ဝေဖန်ရေးလှိုင်း၏ ပြင်းထန်သော ဂယက်များ အထိပါးခံခဲ့ကြရ၏။ ဥပမာ… ဗန်းမော်တင်အောင်၊ ဒဂုန်တာရာ.. အစရှိသူတို့ ဖြစ်ကြ၏။
“လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး” ၏ အဘိဓမ္မာကျောရိုးမှာ ‘လူတန်းစားတိုက်ပွဲ’ကို အခြေခံထားသော်လည်း ထိုအဆင့်တွင် ရပ်မနေဘဲ ဝတ္ထုတပုဒ်တွင် ‘ဇာတ်ကောင်စံ’ ရွေးချယ်ပုံ ရွေးချယ်နည်းအထိ တဆင့်တက်လာခဲ့ကြ၏။ ဝတ္ထုတပုဒ်တွင် ‘ပစ္စည်းမဲ့လူတန်းစားအတွေးအခေါ်’ တပ်ဆင်ထားသည့် ‘ဇာတ်ကောင်’ မျိုးကိုသာ ‘ဇာတ်ကောင်စံ’ အဖြစ် ရွေးချယ်ရေးသားရန် တောင်းဆိုကြလေသည်။ ထိုအခါ ပစ္စည်းမဲ့လူတန်းစား ဇာတ်ကောင်များကို အခြေမခံဘဲ လူလတ်တန်းစားနှင့် အထက်တန်းစား လူတန်းစားဇာတ်ကောင်များအကြောင်း ရေးဖွဲ့သည့် ဝတ္ထုများမှာ ဖောက်ပြန်မှားယွင်းသည့် ဝတ္ထုများအဖြစ် ‘ပစ္စည်းမဲ့စာပေဇလုပ်တိုက်’ ခြင်း ခံကြရလေသည်။
၁၉၇၈ ခုနှစ်ဝန်းကျင်က “လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး” စာအုပ်တအုပ် ထွက်လာခဲ့ဖူး၏။ ထိုစာအုပ်မှာ စာရေးသူ တဦးတယောက်တည်းက ရေးသည့် စာအုပ်မဟုတ်ဘဲ စာရေးဆရာ ၁၀ ဦးခန့်က တဦးချင်းအနေနှင့်လည်းကောင်း၊ နှစ်ဦးသုံးဦး တွဲ၍လည်းကောင်း၊ ဝေဖန်ရေးဆောင်းပါးများ ရေးသားထားသည့်စာအုပ် ဖြစ်၏။ ယင်းစာအုပ်မှာ “မိုးကြိုမုန်တိုင်း” စာအုပ် ဖြစ်လေသည်။
“မိုးကြိုမုန်တိုင်း” စာအုပ်တွင် ကျနော် မှတ်မှတ်ရရရှိသည့် ဆောင်းပါးတပုဒ်မှာ ဆရာ ‘ဒဂုန်တာရာ’ ၏ ဝတ္ထုကို ဝေဖန်သည့် ဆောင်းပါးတပုဒ် ဖြစ်သည်။ ဆရာ ‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုကို ဝေဖန်သော ဆောင်းပါးဖြစ်၏။ ဆောင်းပါး၏ အဓိကဆိုလိုရင်းမှာ… ၁၃၀၀ ပြည့် အရေးတော်ပုံ လှိုင်းတံပိုးများ ထကြွနေစဉ်ကာလအတွင်း ဒဂုန်တာရာသည် ‘မေ’ ဝတ္ထုကို ရေးသားခြင်းအားဖြင့် ထိုစဉ်အချိန်က အမျိုးသားလွတ်လပ်ရေးတိုက်ပွဲဝင် မြန်မာအမျိုးသမီးထုကို စော်ကားသလို ဖြစ်ခဲ့သည်ဟူသော ဝေဖန်ရေးဖြစ်၏။ ‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုမှာ ဓနရှင်ပေါက်စလူတန်းစား ‘မေ’ ဟူသော အမျိုးသမီးဇာတ်ကောင်တဦးအကြောင်း ရေးဖွဲ့ထားသည့် ဝတ္ထုဖြစ်၏။ “လူတန်းစားတိုက်ပွဲ အခြေခံ၊ ပစ္စည်းမဲ့ဇာတ်ကောင်စံ” အယူအဆကို အခြေခံထားသည့် “လက်ဝဲအလွန်အကျွံစာပေ ဝေဖန်ရေး” ကြိမ်လုံးမှာ ဆရာ ‘ဒဂုန်တာရာ’ ၏ ကြောပေါ်၌ ဝဲနေခဲ့လေသည်။
(၂)
ဆရာ ‘မြသန်းတင့်’ ၏ ‘ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ’ စာအုပ်မှာ ဝတ္ထု (၁၀) ပုဒ်ကို စုစည်းထားသည့်စာအုပ် ဖြစ်သည်။
စာအုပ်ထွက်လာသည်နှင့်တပြိုင်နက် စာပေလောကအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်ရလောက်အောင် အောင်မြင်ကျော်ကြားလှသည့်စာအုပ် ဖြစ်ခဲ့လေသည်။ အထူးသဖြင့် ဆရာ ‘မြသန်းတင့်’ ၏ “ဝတ္ထုအတတ်ပညာ ဆန်းသစ်မှု” ကို စာဖတ်သူတိုင်းက ချီးမွမ်းကြ၏။
‘ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ’ စာအုပ်တွင် စာရေးဆရာကြီး (၁၀) ဦး ရေးသားခဲ့သည့် နိုင်ငံကျော်ဝတ္ထု (၁၀) ပုဒ်အပေါ် ဆရာမြသန်းတင့်က ထပ်မံဈာန်ဝင်စား ကွန့်မြူးကာ ဝတ္ထုတို (၁၀) ပုဒ်ဖြစ်အောင် ရေးသည့် ထူးခြားလေးနက်သည့် ဝတ္ထုတိုစုစာအုပ် ဖြစ်လေသည်။
ဥပမာ… စာရေးဆရာ ‘မင်းဆွေ’ ၏ ‘ဓား’ ဝတ္ထုကြီးထဲက ‘မျိုးမြင့်ရန်နောင်’ ဆိုသည့် အဓိကဇာတ်ကောင်က အသက်မသေဘဲ ဆက်လက်ရှင်သန်နေသည့် လူတယောက်အဖြစ် ဆရာ ‘မြသန်းတင့်’ ကို လာရောက်တွေ့ဆုံသည့် စိတ်ကူးပုံဖွဲ့ဝတ္ထုဖြစ်၏။
စာရေးဆရာကြီး ‘မင်းဆွေ’ သည် အဓိကဇာတ်ကောင်ဖြစ်သူ ‘မျိုးမြင့်ရန်နောင်’ ဆိုသူကို သူ၏ ‘ဓား’ ဝတ္ထုကြီးထဲတွင် ထည့်သွင်းရေးဖွဲ့ရာ၌ “မျက်ကန်းမျိုးချစ်၊ သို့မဟုတ် လူထုလမ်းစဉ်နှင့် ကင်းကွာနေသည့် တကိုယ်တော်နယ်ချဲ့ဆန့်ကျင်ရေးသမား” အဖြစ် ဖွဲ့ဆိုခဲ့သည်ကို ဇာတ်ကောင်ဖြစ်သူ ‘မျိုးမြင့်ရန်နောင်’ ကိုယ်တိုင်က ဆရာမြသန်းတင့်ထံ အသက်ရှင်လျှက် ကိုယ်တိုင် လာရောက်ရင်ဖွင့် တင်ပြလာသည့် ဇာတ်လမ်းမျိုးအဖြစ် ဆရာမြသန်းတင့်က ရေးဖွဲ့ထားခြင်း ဖြစ်လေသည်။
တနည်းအားဖြင့်ဆိုရလျှင် ဆရာမြသန်းတင့်သည် စာရေးဆရာ ‘မင်းဆွေ’ ၏ ‘ဓား’ ဝတ္ထုကို အတွေးအခေါ်အရ ဝေဖန်လိုရင်းရှိ၏။ ‘မင်းဆွေ’ ၏ ‘ဓား’ ဝတ္ထုထဲက အဓိကဇာတ်ကောင်မှာ တကိုယ်တော် နယ်ချဲ့ဆန့်ကျင်ရေးသမား၊ မျက်ကန်းမျိုးချစ်တဦးအနေနှင့် ဝတ္ထုကို အဆုံးသတ်ထားသည်ကို ကျေနပ်အားရနိုင်ဟန်မတူ။ ထို့ကြောင့် ဆရာမြသန်းတင့်သည် သူဖြစ်စေလိုသော၊ သူထုဆစ်လိုသော၊ သူယုံကြည်သော၊ မျိုးချစ်ဝါဒ အယူအဆကို အဓိကဇာတ်ကောင် ‘မျိုးမြင့်ရန်နောင်’ မှတဆင့် တင်ပြနိုင်ရန် ကြိုးစားရင်း…. ‘ဓား’ ဝတ္ထုကို စစ်မှန်သည့် မျိုးချစ်ဝါဒ အခြေခံဝတ္ထုအဆင့်အထိ ဆွဲတင်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။
‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုကိုလည်း ဆရာမြသန်းတင့်သည် ‘မင်းဆွေ’ ၏ ‘ဓား’ ဝတ္ထုနည်းတူ ဝေဖန်ဖို့ ကြိုးစားသည်ကို တွေ့ရ၏။ ‘ဒဂုန်တာရာ’ သည် ‘မေ’ ဝတ္ထုတွင် ဓနရှင်ပေါက်စ လူလတ်တန်းစားဇာတ်ကောင် ‘မေ’ ကို အဓိကဇာတ်ကောင်အဖြစ် ထားပြီး ရေး၏။ ‘မေ’ ၏ လူလတ်တန်းစား အကျင့်စရိုက်ကို ဖော်ပြ၏။ နောက်ဆုံး ‘မေ’ ကို ‘အကောင်းကိုရှာ၏၊ အကောင်းကား မတွေ့’ ဟု နိဂုံးချုပ်ရေး၏။
ဆရာ ‘မြသန်းတင့်’ သည် ‘မေ’ ကို ဆရာဒဂုန်တာရာ နိဂုံးချုပ်သလို မချုပ်ချင်။ ‘မေ’ ကို ပျက်စီးသွားသည့် လူတန်းစားဇာတ်ကောင်အဖြစ်မှ တိုးတက်သော အမျိုးသမီးဇာတ်ကောင် အနေနှင့်သာ မြင်ချင်၏။ နိဂုံးချုပ်ချင်၏။ ထို့ကြောင့် ဆရာမြသန်းတင့်သည် ‘မေ’ ဝတ္ထုထဲက ‘မေ’ မှတဆင့် သူပြောဆိုချင်သည့် အယူအဆကို တဆင့်ပြောခိုင်းခဲ့၏။ တနည်းအားဖြင့် ဆိုသော် ဆရာမြသန်းတင့်သည် ‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုကို ဝေဖန်နေခြင်းသာဖြစ်သည်။ ဆရာမြသန်းတင့်၏ ‘မေ’ ဝတ္ထုအပေါ် ဝေဖန်ရေးအမြင်မှာ တချိန်တုန်းက စာပေနယ်ပယ်အတွင်း တစုံတရာ လှုပ်ခတ်စေခဲ့သည့် မိုးကြိုမုန်တိုင်း စာအုပ်ထဲက ‘မေ’ ဝတ္ထု ဝေဖန်ရေးအမြင်နှင့် သွားတူနေသည်ကို အမှတ်မထင် တွေ့လိုက်ရ၏။
မိုးကြိုမုန်တိုင်း စာအုပ်ထဲက ဒဂုန်တာရာ၏ ‘မေ’ ဝတ္ထုအပေါ် ဝေဖန်ရေးမှာ ဝတ္ထုရေးလျှင် အခြားဇာတ်ကောင်စံများကို မရေးဖွဲ့သင့်ဘဲ ပစ္စည်းမဲ့ဇာတ်ကောင်စံများကိုသာ ရေးဖွဲ့သင့်သည်။ အခြားလူတန်းစားဇာတ်ကောင်များကို စံထားပြီး ရေးလျှင် ဖောက်ပြန်မှားယွင်းသော အရင်းရှင်စာပေသဘောတရားသာ ဖြစ်သည်ဟူသော ဝေဖန်ရေးအမြင်ပင် ဖြစ်သည်။
ဆရာမြသန်းတင့်ကလည်း ဒဂုန်တာရာ၏ ‘မေ’ ကို ဖောက်ပြန်တွေဝေသော ဇာတ်ကောင်အဖြစ် မမြင်ချင်ပေ။ သူ့ဆန္ဒအရဆိုလျှင် ‘မေ’ ဝတ္ထု ဝေဖန်ရေးဝတ္ထုအရဆိုလျှင် ‘မေ’ ကို မြန်မာအမျိုးသမီးများ စံထားရမည့်ဇာတ်ကောင် သို့မဟုတ် လူထုကို အလင်းပြနိုင်သည့် စံပြဇာတ်ကောင်အဖြစ်နှင့်သာ မြင်ချင်၏။ ဒဂုန်တာရာ ‘မေ’ ကို အကောင်းကားရှာ၏၊ အကောင်းကားမတွေ့ဟု နိဂုံးချုပ်လိုက်သော်လည်း ဆရာမြသန်းတင့်ကမူ ‘မေ’ ကို ယင်းကဲ့သို့ လူတန်းစားပျက် ဇာတ်ကောင်အဖြစ် နိဂုံးမချုပ်ချင်။ ‘မေ’ ကို စံပြမြန်မာအမျိုးသမီးတဦးအဖြစ် နိဂုံးချုပ်ပေးချင်၏။
အဆက်အစပ်ရှိသည် မရှိသည်၊ နွယ်သည် မနွယ်သည် ကျနော်မသိပါ။ သို့သော် တချိန်က မိုးကြိုမုန်တိုင်း စာအုပ်ထဲက ဒဂုန်တာရာ၏ ‘မေ’ ဝတ္ထုအပေါ် ဝေဖန်သုံးသပ်သည့် ပေတံနှင့် ယခု ဆရာမြသန်းတင့်၏ ‘မေ’ ဝတ္ထုအပေါ် ဖြစ်စေချင်သည့် စေတနာတို့မှာ တရားအရ တထပ်တည်းကျနေသည်ကိုမူ အထင်အရှား တွေ့လိုက်ရလေသည်။
(၃)
စာပေနယ်ပယ်၌သာမဟုတ်၊ မည်သည့်နယ်ပယ်တွင်မဆို ‘ဝေဖန်ရေး’ သည် လိုအပ်ပါသည်။ ကျနော်တို့သည် ‘ဝေဖန်ရေး’ ကို ‘မူ’ အားဖြင့်ပင်လျှင် လက်ခံကြိုဆိုကြရမည်သာ ဖြစ်၏။
ဆရာမြသန်းတင့်သည် နိုင်ငံကျော်ဝတ္ထုကြီး ၁၀ ပုဒ်ကို ဝေဖန်၏။ သို့သော် ဆရာမြသန်းတင့်၏ ဝေဖန်ရေးနည်းနာမှာ ယဉ်ကျေး၏။ ပရိယာယ်ကြွယ်၏။ လှပဆန်းသစ်၏။ ထို့ကြောင့် ဝေဖန်နေသည်ကို ဝေဖန်နေသည်ဟူ၍ပင် မထင်ရလောက်အောင် အဆင့်အတန်းရှိ၏။ ဤဝေဖန်ရေးနည်းနာမှာ ထိရောက်ပြင်းထန်နိုင်စွမ်းရှိ၏။
၁၉၇၈ ခုနှစ်ဝန်းကျင်ကလည်း ‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုကို ‘မိုးကြိုမုန်တိုင်း’ လက်ဝဲအလွန်အကျွံအုပ်စုက ဝေဖန်ခဲ့ကြဖူး၏။ သို့သော် ‘မိုးကြိုမုန်တိုင်း’ အုပ်စုသည် မယဉ်ကျေး။ အတုံးအတစ်ဆန်၏။ တရားသေဖြစ်၏။ ပုံစံခွက်ဖြစ်၏။ တခုတည်းသော လူတန်းစားအမြင် သို့မဟုတ် ပစ္စည်းမဲ့လူတန်းစားအမြင်ကလွဲပြီး မည်သည့်လူတန်းစားအမြင်ကိုမျှ လက်ခံစဉ်းစားနိုင်စွမ်း မရှိခဲ့ကြ။
ယခု ဆရာမြသန်းတင့်သည်လည်း ‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုကို ဝေဖန်၏။ သို့သော် သည်တခါ ဆရာမြသန်းတင့်၏ ဝေဖန်ရေးမှာ ယဉ်ကျေး၏။ နည်းနာဆန်းသစ်၏။ အကွက်သဘောဖြစ်၏။ ထို့ကြောင့် ‘မိုးကြိုမုန်တိုင်း’ အုပ်စု၏ ဝေဖန်ရေးနှင့် ဆရာမြသန်းတင့်၏ ‘မေ’ ဝတ္ထုအပေါ် ဝေဖန်ရေး နှစ်ခုမှာ အနှစ်သာရအားဖြင့်သော် လည်းကောင်း၊ ဦးတည်ချက်အားဖြင့်သော် လည်းကောင်း တူကြသော်ငြား ဝေဖန်ရေး နည်းနာမှာမူ မတူကြ။
ကျနော်တို့သည် ‘ဝေဖန်ရေး’ ကို ကြိုဆိုအပ်သည့်ကိစ္စဟု အထက်တွင်ဆိုခဲ့ပြီ။
သို့သော် ‘ဝေဖန်ရေး’ များ မှန်၏ မမှန်၏၊ ကောင်း၏ မကောင်း၏ ဆိုသည်ကိုမူ စာဖတ်သူများအဖို့ လွတ်လပ်စွာ ထပ်မံဝေဖန်ဆန်းစစ်ပြီးမှသာ လက်ခံကြရမည်သာ ဖြစ်လေသည်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)
စာအုပ်အမည်။ ။ ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ
စာရေးသူ ။ ။ မြသန်းတင့်