မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ သြဂုတ် ၁၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ရဲတစ်ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ရဲအင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းကို သြဂုတ် ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်ကနေ မွန်းလွဲ ၂ နာရီလောက်အထိ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အိမ်သစ်ကျေးရွာနားမှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ဒီဗွီဘီကိုပြောပါတယ်။
“ကျနော်တို့ တပ်ဖွဲ့က ရဲဘော်တွေက လက်နက်ကောက်ယူဖို့ သွားပေမယ့် နောက်ကတက်လာတဲ့ စစ်(...)တွေက စက်သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ခတ်လို့ နောက်ပြန်ဆုတ်ခဲ့ရပြီး ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်(...)အနည်းဆုံး ၁၀ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်။”
စစ်ကောင်စီဘက်က ရဲတပ်သားတယောက် ထွက်ပြေးလာလို့ ကျည်ဆံအတောင့် ၅၀ နဲ့အတူ အရှင်ဖမ်းဆီးရမိကာ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး စစ်ဆေးမေမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်လို့ နွားကျောင်းသား တယောက် လက်နက်ကြီး ထိမှန်သေဆုံးကာ ခေါက်ခူရွာက သားအဖ ၂ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားကြတယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ ဘက်က ရဲဘော်တယောက် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူး” လို့ ကိုတိုးကြီးက ပြောပါတယ်။
အဲဒီတိုက်ပွဲကို PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့၊ YPDF၊ YDF၊ CDF-KKG နဲ့ ဂန့်ဂေါ ပ.က.ဖ နဂါးညီနောင်အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကိုလည်း သြဂုတ် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ်တိုက်ခိုက်ခဲ့လို့ ရဲအများအပြား ထိခိုက်သေဆုံးနိုင်တယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။