Home
မြန်မာသတင်း
ကနီမြို့နယ်၌ စစ်တပ်သတ်ဖြတ်ခဲ့သည့် အမျိုးသမီးအလောင်း တွေ့ရှိ၊ ယင်းမာပင်က နေအိမ်များ မီးရှို့ဖျက်ဆီးခံရ
DVB
·
August 19, 2022
300254337_3069219126633976_8186395621543819770_n
299722116_3069175619971660_2371101944033973257_n

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းရွာမှာ စစ်တပ် သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးတယောက်ရဲ့ အလောင်းကို ဒီနေ့တွေ့ရှိတယ်လို့ ကင်းဒေသခံတွေက ပြောပါတယ်။

ကင်းရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်က လေယာဉ် ၄ စီးနဲ့ စစ်သားတွေချထားပြီး ရွာကိုစီးနင်းတပ်စွဲကာ ပြည်သူတွေကို ဖမ်းဆီးပြီး အခုလို ဒေသခံအမျိုးသမီးကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံရွာသူတယောက်က “သေဆုံးသူအမည်က မစိုးစိုးပါရှင့်။ အသက်က ၃၀ ဝန်းကျင်ပါ။ စစ်ကောင်စီက ဘာကြောင့်သတ်တာလဲတော့ မသိဘူး။ အခု သူတို့သတ်ခဲ့တာက ထူးခြားတယ်ရှင့်။ သေနတ်နဲ့ပစ်သတ်တာလည်း မဟုတ်ဘူး။ အသက်ရှူလမ်းကြောင်းကို ပိတ်ပြီး သတ်ခဲ့တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလို အမျိုးသမီးကို သတ်ဖြတ်ခဲ့ပြီး ကင်း(ကင်းရွာမ)ရွာက နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ကာ အထက်ကင်းရွာဘက် ထွက်သွားပြီလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အခုလို ဒေသခံရွာသူတယောက်ကို သတ်ခဲ့တဲ့အပေါ် ဒေသခံ ပြည်သူ့ကာကွယ်ရေး မြွေပိုင်တောင်ခေါင်း‌ဆောင် ကိုရုက္ခစိုးက “ဒါဟာ လူမဆန်တဲ့လုပ်ရပ်ပါ။ သူတို့သတ္တိရှိရင် ကျနော်တို့နဲ့ ထိပ်တိုက်ရှင်းလို့ရတယ်။ အခုဟာက သူတို့လာရင် အောက်တန်းစား လုပ်ရပ်တွေနဲ့ အပြစ်မဲ့တဲ့ ရွာသားတွေကို ဖမ်းတယ်၊ သတ်တယ်၊ ရွာကို မီးရှို့ပြတယ်။ ဒါ မြန်မာပြည်ကို ကာကွယ်မယ့် စစ်တပ်လား၊ ပြည်သူကို ကာကွယ်မယ်ဆိုတဲ့ စစ်တပ်လားလို့ ကျနော် မေးခွန်းထုတ်ချင်ပါတယ်ဗျ။ တူမီးနဲ့တိုက်နေတဲ့ ကာကွယ်ရေးတပ်တောင် နိုင်အောင်မတိုက်နိုင်တဲ့ ကောင်တွေ တခြားနိုင်ငံအချင်းချင်းတိုက်တဲ့ ကမ္ဘာစစ်ပွဲသာ ဖြစ်ကြည့်ပါလား။ မအလတွေ ပြည်သူကို ကာကွယ်ဖို့မပြောနဲ့ သူတို့အမေတွေပါ ပေးလိုက်ရမှာဗျ။ အခုလည်း ကျနော်တို့ဒေသက အပြစ်မဲ့အမျိုးသမီးကို အကြောင်းမဲ့ သတ်သွားတာဟာ လုံးဝမကျေနပ်ဘူးဗျ။ တော်လှန်ရေးကို အောင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်” လို့ ပြောပါတယ်။‌

ကင်းရွာဟာ ကနီမြို့ရဲ့မြောက်ပိုင်း မင်းကင်းမြို့နယ်နဲ့ အစပ်မှာ တည်ရှိပြီး ချင်းတွင်းမြစ်ကမ်းဘေး ဖြစ်တာကြောင့် စစ်ကောင်စီတပ်ရဲ့ ရေလမ်းကနေလာတိုင်း ပစ်ခတ်ခံနေရတဲ့ ကျေးရွာတရွာလည်းဖြစ်ကာ အခုလို စစ်ကောင်စီက ချင်းတွင်းမြစ်အတွင်းကနေ အကြိမ်ကြိမ်ပစ်ခတ်လို့ စေတီအပါအဝင် သာသနာအဆောက်အဦအပြင် ပြည်သူတွေရဲ့ နေအိမ်တွေပါ ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကင်းကျေးရွာကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း စစ်တပ်က မီးရှို့ခဲ့တာကြောင့် အိမ်ခြေအများအပြား ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာနဲ့ က/သီးကုန်းကျေးရွာတွေက  နေအိမ်တွေကို သြဂုတ် ၁၈ ရက် ညနေ ၆ နာရီကျော်လောက်မှာ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို မီးရှို့ခံရတဲ့အိမ်တွေဟာ ကပိုင်ကျေးရွာနဲ့ က/သီကုန်းကျေးရွာကြားလောက်မှာရှိပြီး ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေမှာ စစ်ဆင်ရေးဝင်နေတဲ့ စစ်တပ်က လုပ်တာလို့ ဆိုပါတယ်။

ကပိုင်ကျေးရွာနဲ့ က/သီးကုန်းကျေးရွာတို့ဟာ ရွာချင်းဆက်ဖြစ်ပြီး စစ်တပ်က နေရာ ၄ ခုခွဲကာ မီးရှို့ခဲ့တာကြောင့် ကပိုင်ကျေးရွာဘက်ခြမ်းမှာ နေအိမ် ၆ လုံး မီးလောင်ခဲ့ကာ ဘယ်ကျေးရွာက ဘယ်လောက်ဆုံးရှုံးမှုရှိတယ် စတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

သြဂုတ် ၁၈ ရက် ညနေ ၃ နာရီခွဲလောက်က စစ်တပ်က ကပိုင်ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာဖြစ်သလို မဝင်ရောက်ခင်ကလည်း ပေါင်းဝ ကျေးရွာနဲ့ ကပိုင်ကျေးရွာကြား တနေရာမှာ PDF ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကပိုင်ကျေးရွာအတွင်းကို တပ်စွဲနေတာကြောင့် ကပိုင်ကျေးရွာ အပါအဝင် အနီးနားမှာရှိတဲ့ ကျေးရွာနေပြည်သူတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024