နေပြည်တော်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့ကို သင့်တော်နဲ့ အချိန်မှာတွေ့ခွင့်ပေးဖို့ လမ်းဖွင့်ထားတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ကတိပြုပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်က နေပြည်တော်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သွားရောက် တွေ့ဆုံခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့နဲ့ နေအိမ်ကို ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ် စစ်ခေါင်းဆောင်က အခုလို ပြန်တုံ့ပြန်ခဲ့တာလို့ ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟတ်ရဲ့ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို သင့်တော်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး စီစဉ်ပေးဖို့ လမ်းဖွင့်ထားတယ်လို့ စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောကြားခဲ့တဲ့ အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်ပေးဖို့နဲ့ ကောင်းကောင်းမွန်မွန် နေနိုင်ရေးအတွက် အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်း လုပ်ပေးမယ်လို့ စစ်ခေါင်းဆောင်က ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိနေနေရတဲ့ အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ နေထိုင်စားသောက်ရတာနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ပြီး မကြာခင် သူအိမ်ပြန်ရောက်နိုင်ဖို့ တောင်းဆိုပါတယ်လို့ နိုလင်းဟေဇာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောဆိုခဲ့တာပါ။
အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူတွေကို အမြန်ဆုံးပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီးလည်း စစ်ခေါင်းဆောင်က ပွင့်ပွင့်လင်းလင်း ဆက်လက်ဆွေးနွေးမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း ဖာရန်ဟတ်က ပြောပါတယ်။
ဒါ့အပြင် အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေကို ဖမ်းဆီးထားမှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က အာမခံခဲ့သလို အသက် ၁၆ နှစ် ၁၇ နှစ် ကလေးတွေအတွက် ပြစ်ဒဏ် လျှော့ပေါ့ချမှတ်ပေးဖို့ စဉ်းစားမယ်လို့ ကတိပြုခဲ့တယ်လို့လည်း ကုလသမဂ္ဂ ပြောခွင့်ရသူက ပြောပါတယ်။
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်ပေးအပြီးမှာ အနာဂတ် ကွပ်မျက်မှုတွေ အားလုံးကို တရားဝင် ဆိုင်းငံ့ထားဖို့လည်း အထူးကိုယ်စားလှယ်က စစ်ခေါင်းဆောင်ကို တိုက်ရိုက်တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ဩစတြေးလျအစိုးရရဲ့ အထူးတောင်းဆိုချက်ဖြစ်တဲ့ စီးပွားရေးပညာရှင် ရှောင်တာနယ်ကို ပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရတဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို ဩဂုတ် ၁၆ ရက်က ရောက်ရှိနေတာဖြစ်ပြီး မနှစ် အောက်တိုဘာလက စတင်ကာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်ခွင့်ရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။