စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဩဂုတ် ၁၈ ရက် မနက် ၇ နာရီလောက်က မိုင်းလာရှာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
မိုင်းလာရှာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာ-ချောင်းဦးလမ်း မုံရွာမြို့နယ် တန်ပိုဂိတ်အနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မြှုပ်ထားတဲ့ မိုင်း ၃ လုံးကို တွေ့ရှိတူးဖော်ပြီး သယ်ယူနေစဉ် မိုင်းပေါက်ကွဲမှုကြောင့် နေရာမှာတင် ငါးယောက်သေဆုံးသွားပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ PDF - South Monywa က ထုတ်ပြန်ထားပါတယ်။
PDF - South Monywa မှ တာဝန်ရှိသူတယောက်က “စကစအဖွဲ့ အင်အား ၅၀ လောက်က ကျနော်တို့ အဆင်သင့်မြှုပ်ထားတဲ့ မိုင်းသုံးလုံးကို တွေ့ပြီး ဖော်တာ။ ကြိုးတန်းလန်းနဲ့ သယ်ဆောင်နေတုန်း ဖောက်ခွဲတိုက်ခိုက်တာပါ။ အဲ့ဒီနေရာမှာတင် စကစတပ်ဖွဲ့ဝင်ငါးယောက် ပွဲချင်းပြီးသေတာ တွေ့ရတယ်။ အနီးကကောင်တွေလည်း တော်တော်ထိပြီး ဒဏ်ရာတွေနဲ့ မုံရွာဘက် ပြန်သယ်သွားကြတယ်” လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဘေးဝဲယာ ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့ပေမဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်မှာ အထိအခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားဖြည့်တင်းကာ မုံရွာ-ချောင်းဦး လမ်းပိုင်းအတွင်း မိုင်းရှာဖွေတာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
မြင်းမူနဲ့ မုံရွာမြို့အကြား လမ်းမကြီးပိုင်းမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေ ရှိတာကြောင့် လတ်တလော အသုံးမပြုကြဖို့နဲ့ မဖြစ်မနေ အသုံးပြု သွားလာရမယ်ဆိုလည်း ကားမှန်တွေချပြီး မောင်းနှင်ပေးကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၇ ရက်ကလည်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
မိုင်းခွဲခံရတာကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကောင်စီဘက်က ထုတ်ပြန်တာတော့ မရှိသေးပါဘူး။