အားလုံး ကောင်းပါရဲ့လားခင်ဗျာ…
အမှောင်ထဲမှာ မီးထွန်းကာ စာရေးလိုက်ပါတယ်။ ဟိုးလွန်ခဲ့တဲ့ အမှောင်ခေတ်ကို ပြန်မရောက်ချင်ဘူး ပြောရင်း အမှောင်ခေတ် ပြန်ဖြစ်နေပါပြီကောဗျာ။ နှစ်ဆယ့်တစ်ရာစုမှာ ဒီလိုအမှောင်ညတွေ၊ လျှပ်စစ်မီးမဲ့ကာလတွေ ဖြတ်သန်းရမယ်လို့ ယခင်က မတွေးမိရိုးအမှန်ပါ။ အရင် အရပ်သားအစိုးရတုန်းကသာ ဒီလိုဖြစ်ကြည့်ပါလား။ ချက်ချင်းပဲ EPC ရုံးကို ဖုန်းဆက်ပြီး ပြောကြမှာပေါ့။ ပြောလည်း ပြောရမှာပဲလေ။ အဲဒီလို ဆိုခွင့် ပြောခွင့်လည်း ရခဲ့ကြတာပဲ မဟုတ်ပါလား။ နောက်ဆုံးအဆင့် ဝန်ထမ်းတွေကို မကျေနပ်ရင် ဝန်ကြီးချုပ်အဆင့်အထိတောင် တိုင်စာပို့လို့ရတယ် မဟုတ်ပါလား။ ဒါတောင် ခုလို နေ့စဉ်ရက်ဆက်ပြတ်တဲ့မီး မဟုတ်သေးပါဘူး။ ဖေ့စ်ဘွတ်ခ်မှာလည်း ဒီလို မီးပျက်တဲ့ကိစ္စက စလို့ နိုင်ငံတော်သမ္မတအဆုံး မကျေနပ်ရင် မကျေနပ်သလို ဝေဖန်လေကန်လို့ ရခဲ့ကြတယ်ဗျာ။ မှတ်မိကြဦးမှာပေါ့။ ဝန်ကြီးချုပ်တယောက်ရဲ့ ပုံတွေကို အသုံးပြုပြီး မကြာခဏ စနောက်ခဲ့ကြတာကိုလေ။
ခုများတော့ မီးပျက်ရင်လည်း ပျက်ပြီဟ၊ ပြန်လာရင်လည်း ပြန်လာပြီဟလို့ ဆိုရုံလေးသာပါပဲ။ E.P.C ရုံး ဖုန်းဆက်ပြောဆို တောင်းဆိုဖို့ဆိုတာ အရင်က ဇာတ်လမ်းလေးတပုဒ် ဖြစ်သွားခဲ့ပါတယ်။ ဒီကာလမှာက အဲဒီလိုသာလုပ်ကြည့်။ မီတာပုံး လာဖြုတ်တာ ခံရနိုင်ပါတယ်။ ဒီထက်ပိုကြမ်းမယ်ဆိုရင် ပုဒ်ထီး၊ ပုဒ်မတွေသုံးပြီး အဖမ်းတောင် ခံရနိုင်ပါသေးတယ်လေ။ ဒီလိုမလုပ်ဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်ပဲ တင်မယ်ဆိုတာကလည်း မလွယ်။ မလွယ်ဆို မလွယ်ကြောင်းတွေကလည်း ရှိနေတာကိုး။ ဦးဆုံးအချက်ကတော့ ဖေ့စ်ဘွတ်ခ်သုံးရင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ရတဲ့နေရာဖြစ်ဖို့ လိုပါတယ်။ အရင်အစိုးရခေတ်က ဒီစကားကြားရရင် ဟာသကြီး ဖြစ်လို့နေမှာ အမှန်ပါပဲ။ ဒုတိယ မလွယ်ကြောင်းကတော့ အင်တာနက်နှုန်းထားခတွေ အဆမတန် စျေးကြီးလာတာပါပဲ။ အရပ်သားအစိုးရခေတ်ကဆို 1 GB မှ ၁,၀၀၀။ ဒါတောင် bonus ဘာညာရှိသေး။ ခုအချိန်မှာတော့ ၉၆၉ MB ကို ၂,၀၀၀ ကျော်သွားပါပြီ။ (ဒါ ဖုန်းပြောခ ထည့်မတွက်သေးဘူး)။ တတိယ မလွယ်ကြောင်းကတော့ အထက်မှာဆိုခဲ့သလို ကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ ကိုယ့်အကောင့်နဲ့ကိုယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ တင်ချင်တာတင်လို့ မရတော့တာကြောင့်ပါ။ အရင်အရပ်သားအစိုးရတုန်းက သာမန် အစိုးရဝန်ထမ်းကအစ၊ နိုင်ငံတော်အတိုင်ပင်ခံအထိ အားမရလို့၊ မကျေနပ်လို့ဆိုပြီး လွတ်လွတ်လပ်လပ် ဝေဖန် လေကန်၊ ဆဲလို့ရခဲ့တာ။ ခုချိန်မှာ ကိုယ်တိုင်ရေးမဟုတ်တဲ့ post တခု share မိတာနဲ့တင် ဖမ်းခံရတယ်မဟုတ်ပါလား။ ဘာတဲ့ စာတကြောင်း ထောင်သုံးနှစ် ဆိုပါသတဲ့လေ။
အားလုံး ကောင်းပါရဲ့လားခင်ဗျာ…
စက်သုံးဆီပြတ်လပ်၊ ဓာတ်ဆီ 92 တလီတာဈေးတွေ အဆမတန် ထိုးတက်နေပါတယ်။ ဒီနေရာမှာ ဈေးနှုန်းအတိအကျမပြောဘဲ အဆမတန် ထိုးတက်နေတယ်လို့ပဲ သုံးနှုန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံတဝန်း ဓာတ်ဆီဈေးက တရွာ တပုဒ်ဆန်း ဖြစ်နေလို့ပါပဲ။ တချို့မြို့တွေမှာ ဆီတလီတာကို ၃,၅၀၀ ကနေ ၆,၀၀၀ အကြားရှိပြီး တချို့မြို့တွေမှာကတော့ ငွေကျပ် ၁၀,၀၀၀ ကျော်အထိ ရှိနေလို့ပါပဲ။ နောက်အကြောင်းရင်းတခုက ခုချိန်မှာ ဓာတ်ဆီဈေးက တမျိုး၊ ခဏနေတမျိုး ခုန်တက်သွားဖို့ ရှိနေလို့ပါ။ အရပ်အစိုးရလက်ထက်တုန်းက ဆိုင်ကယ်ဆီ တထောင်ဖိုးလောက်ဆိုရင် ဆီတိုင်ကီ တဝက်နီးပါးအထိ ရပါတယ်။ သုံးထောင်ဖိုးဆိုရင် အဲဒါ စီးပေတော့။ မိုင် ၈၀၊ ၉၀ လောက်အထိ ခံပါတယ်။ အခုကျတော့ အားလုံးဟာ အိပ်မက်သဖွယ်ပါပဲလေ။ ၂၀၂၁ ခုနှစ် ဒီအချိန်လောက်က အောက်စီဂျင်ဘူးတွေအတွက် တန်းစီခဲ့ရသလို အခု ၂၀၂၂ မှာလည်း ဆိုင်ကယ်တွေ၊ ကားတွေ၊ မော်တော်ယာဥ်တွေအတွက် ဓာတ်ဆီဖြည့်ဖို့ တန်းစီစောင့်ရတုန်းပါပဲ။ မနှစ်တုန်းက အောက်စီဂျင်ဘူး တန်းစီစောင့်ရင်း ကိုဗစ်လူနာ ဆုံးသွားတဲ့အတွက်ကြောင့် စောင့်ရကျိုးမနပ်ခဲ့သလို ဒီနှစ်ကျတော့လည်း ဓာတ်ဆီဖြည့်ဖို့စောင့်ရင်း စောင့်ရကျိုး မနပ်ကြရပြန်ပါဘူး။ လိုချင်တဲ့ဓာတ်ဆီ ဆိုတာကလည်း ပိုက်ဆံရှိတိုင်း ဝယ်လို့မရပြန်။ တနေ့တခြား ဖောင်းပွလာတဲ့ ငွေကြေးနဲ့အတူ တရှိန်ထိုးတက်လာတဲ့ ဓာတ်ဆီဈေးတွေကြောင့် အားလုံး စက်ဘီးစီးကြရတော့မယ့်ခေတ် ရောက်လာပြန်ပါပြီ။ အဝေးပြေးကားတွေ၊ မြို့တွင်းကားတွေ၊ လူမှုကူညီရေးယာဉ်တွေလည်း တဖြည်းဖြည်းနဲ့ ရပ်နားရတော့မယ့် အခြေအနေတွေ ဆိုက်လို့နေပါပြီ။
အားလုံးကောင်းပါရဲ့လား ခင်ဗျာ…
“သိသိသာသာ တက်တယ်ဆိုတာထက် အတက်ကတော့ တော်တော်ကြမ်းတယ်။ ဥပမာ ဒီနေ့ ခုနစ်သောင်းဝယ်ရင် နောက်သုံးရက်မှာ အော်ဒါထပ်တင်ရင်ကို အဲဒီမှာတင် ခုနစ်သောင်းငါးထောင် ဖြစ်နေပြီ။ တခါတက်ရင်ကို လေးထောင် ငါးထောင်လောက် တက်တယ်။”
“အခု ဆန်တအိတ်ကို ကိုးသောင်းခွဲကျော် ဖြစ်နေပြီဆိုတော့ အာဏာမသိမ်းခင်က ဘယ်ဈေးရှိပါသလဲ။”
“အဲဒီတုန်းက ငါးသောင်းနှစ်ထောင်ပဲ ရှိတယ်။ ဈေးထပ်တက်နိုင်မယ့်အခြေအနေ ရှိသေးလား။”
“တက်မှာ တက်မှာဗျာ့။ ဈေးကတော့ တက်မှာ နောက်ဆို ဝယ်လို့တောင် ရပါ့မလားမသိဘူး။” (2022-8-12 RFA သတင်းမှ)
ဒီကာလ တက်တာ အကုန်။ အကျ မရှိဘူး။
ကျတာဆိုလို့ စိတ်ဓာတ်ပဲရှိတယ် ဆိုသလိုပါပဲ။ အရပ်သားအစိုးရလက်ထက် ကိုဗစ်ကာလတုန်းကတောင် ပေါ်ဆန်းလို အကောင်းဆုံးဆန်က လေးသောင်းခွဲ ငါးသောင်းပဲ ရှိခဲ့ပါတယ်။ ဒါတောင် ကိုဗစ်ကာလ။ အခုတော့ ဆန်တင်မက အခြား စားသောက်ကုန်တွေ ဖြစ်တဲ့ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေပါ တပါတည်း ဈေးတက်လာခဲ့ပါတယ်။ အရင်ကဆိုရင် သာမန်လူတန်းစားတွေအတွက် ငွေငါးထောင်ဆိုရင် ည မနက်စာ ဖူလုံခဲ့ပေမဲ့ အခုအခါမှာတော့ ကိုးထောင် တသောင်းနဲ့မှ တော်ကာကျပါတယ်။ ဆီကိုကြည့်လိုက်ရင်လည်း အရင်က ဆီသုံးပိသာပုံးဆိုရင် ရှစ်ထောင်၊ ရှစ်ထောင့်ငါးရာ ရှိခဲ့ရာကနေ အခုဆိုရင် နှစ်သောင်း ကျော်သွားပါပြီ။ လက်ဖက်ရည်၊ မုန့်ကအစ ခြင်ဆေးခွေ၊ ဆပ်ပြာ စတဲ့ အိမ်သုံးပစ္စည်းတွေလည်း တနေ့တမျိုး မရိုးနိုင်အောင် ဈေးကြီးချင်းပြိုင် ဘယ်သူနိုင် လုပ်နေကြပါလေရဲ့။
မပြောကောင်း မဆိုကောင်း လက်ရှိအချိန်မှာ မနှစ်က တတိယလှိုင်းလို ပြင်းထန်ကိုဗစ်သာ ဖြစ်ကြည့်။ အသေနှုန်းက မနှစ်ကထက်ကို ကြောက်ခမန်းလိလိ များသွားပါလိမ့်မယ်။ ဘာလို့လဲ။ ဘာလို့လဲဆိုတော့ ဆေးဝါးတွေ ဈေးများလာလို့ပါပဲ။ မြန်မာနိုင်ငံရဲ့ ဆေးဝါးအများစုက ပြည်ပက တင်သွင်းရတာမို့ ဒေါ်လာငွေ ထိန်းချုပ်မှု၊ မြန်မာကျပ်ငွေ ဖောင်းပွမှုနဲ့အတူ ဆေးဝါးတွေ ဈေးတက်လာတာပါ။ ဓာတ်ဆားကအစ၊ COVID အလယ် သွေးကျဆေး၊ အာရုံကြောဆေး အဆုံး ဈေးနှုန်းတွေ နှစ်ဆ သုံးဆ ထိုးတက်သွားပါတယ်။ ဒါကလည်း ဓာတ်ဆီလိုပါပဲ။ လိုချင်သလောက် ဝယ်မရ။ အကန့်အသတ်နဲ့ပဲ ရပါတယ်။ ဒီလို အဆမတန် စျေးမြင့်နေပြီး ပစ္စည်းရှားပါးလာနေတာကြောင့် ကိုဗစ်ဖြစ်ရင် မလွယ်ဘူး ပြောရတာပါပဲ။
အားလုံး ကောင်းပါရဲ့လားခင်ဗျာ…
ညဆိုတာ ပျော်ဖို့၊ အပန်းဖြေအနားယူဖို့လို့ပဲ တွေးခဲ့ကြတာတွေက လက်ရှိအချိန်မှာတော့ အတိတ်တခုလိုပါပဲလေ။ အရင်တုန်းကဆို ညလုံးပေါက် ကဲကြသူတွေ၊ ညသန်းခေါင်ထိ အပြင်ထွက်ကြသူတွေရှိသလို ကိုယ့်အိမ်အတွင်းမှာပဲ အေးအေးဆေးဆေး အနားယူကြသူတွေလည်း ရှိကြပါတယ်။ ကိုဗစ်ကာလ ညဆယ်နာရီ အပြင်မထွက်ရ ကာဖျူးအမိန့် ရှိတုန်းကတောင် တချို့တလေ ထွက်ကြသေးတယ်။ ထွက်တော့ ဘာဖြစ်လဲဆိုရင် ဒဏ်ရိုက်ရုံလောက်နဲ့ ပြီးတာပါပဲ။ ကြောက်စရာမလို။ ခုကာလမှာတော့ ခုနစ်နာရီကျော်ပြီ ဆိုတာနဲ့ လမ်းတွေက သူ့အလိုလို ခြောက်ကပ်လို့။ မကောင်းဆိုးဝါးနဲ့ ခွေးတွေကလွဲလို့ လူသူမရှိတော့။ အကယ်၍ ၈ နာရီကျော် ထွက်တဲ့သူဆိုရင်လည်း ဟိုတုန်းကလို ဒဏ်ရိုက်ရုံနဲ့ မပြီးပါ။ ထောင်ချတာတွေရှိသလို ပစ်သတ်တာလည်း သူတို့က လုပ်ပါတယ်။ ကိုယ့်အိမ်၊ ကိုယ့်ရာ၊ ကိုယ့်မိသားစုနဲ့လည်း ညတိုင်း ကောင်းကောင်းနေရမယ် မထင်နဲ့။ အချိန်မတော် တံခါးခေါက် လာဖမ်းမလားဆိုပြီး အားလုံးရင်ထဲမှာ စိုးတထိတ်ထိတ် တွေးနေကြရရော။ အင်း.... ညလားဆိုတော့ မဟုတ်။ နေ့ဘက်လည်း နေ့ဘက်မို့ သူတို့ ကြောက်ရပါတယ်။ တိုင်းပြည်စီးပွားရေး ကျဆင်းမှုကြောင့် ပေါ်လာတဲ့ ခိုးဆိုး၊ လုနှိုက်တွေကိုလည်း နေ့ခင်းကြောင်တောင် ကြောက်လန့်နေရ။ ဘယ်ချိန်လုမလဲ၊ တိုက်ခိုက်ခံရမလဲဆိုတဲ့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ပေါ့လေ။
အားလုံး ကောင်းကြပါရဲ့လားခင်ဗျာ…
စစ်မိစ္ဆာတွေ ပြည်သူ့အစိုးရကို ဖြုတ်ချ၊ တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့ မတရားသဖြင့် သိမ်းခဲ့တာ ခုဆို တနှစ်ခွဲကျော်လာပါပြီ။ စစ်မိစ္ဆာဆိုး ရောဂါပိုးမွှားတွေဟာ တိုင်းပြည်အနှံ့ ပျံ့နေလို့နေပါပြီ။ မတရားမှုဟာ ကိုယ့်အိမ်ရှေ့တံခါး လာခေါက်ရုံမကတော့ဘူး။ အားလုံးကို လည်မျိုညှစ်တဲ့အဆင့်ထိ ရောက်လို့နေပါပြီ။
ဟုတ်ကဲ့။
စစ်အာဏာရှင် ခေတ်မှာ…
အားလုံး ကောင်းကြပါရဲ့လား ခင်ဗျာ…
နွေဦးဇင်