မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF က သြဂုတ် ၁၇ ရက် ည ၈ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီမြို့မရဲစခန်းကို သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးယောက်က ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်ပြီး လက်ပစ်ဗုံး အပါအဝင် သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက် ကျဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း သုံးယောက်ထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ပစ်ခတ်မှု ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့ဘက်က လူမှုကယ်ဆယ်ရေး ကားတစီးနဲ့ လာရောက်တင်ဆောင်ကာ ဒဏ်ရာရသူတွေကို သူတို့ကိုယ်တိုင် ဆေးရုံ မောင်းပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲစခန်းတိုက်ခိုက်ခံရမှုမှာ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတလုံးကို သြဂုတ် ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့ပါတယ်။
သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရန်နိုင်က မြို့မရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ် မှန်ကန်ကြောင်း ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ PDF ရဲဘော်တယောက် ကျဆုံးခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်တယောက်ကို ဆေးဝါးကုသပေးနေပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။
သံဖြူဇရပ်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အဝင်အထွက် နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားသလို လမ်းတချို့ကိုလည်း သွားလာခွင့် ကန့်သတ်ထားပါတယ်။