စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဆင်အကောင်ရေ ၃၅ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ CDM ဆင်ဦးစီးမိသားစု ၃၃ စုအတွက် ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ကျောက်လုံးကြီး (KLG) ကထုတ်ပြန်ထားပါတယ်။
ဆင်ဦးစီးမိသားစုတွေဟာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့အတွက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရကာ စားဝတ်နေရေးအခက်ခဲနဲ့ ရင်ဆိုင်နေကြရပြီး သူတို့အတွက် ပြည်သူရဲ့ လှူဒါန်းပစ္စည်းတွေကို ဩဂုတ် ၁၆ ရက်က သွားရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ကျောက်လုံးကြီး KLG မှ တာဝန်ရှိသူတစ်ဦးက “ဆင် အစာစရိတ်ကလည်း မနည်းဘူး။ CDM ဝင်ထားတော့ ဆင်ဦးစီးမိသားစုတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေးအခက်ခဲတွေ ကြုံတွေ့နေကြတာ သိရလို့ ပြည်သူတွေက လှူဒါန်းကြတာပါ။ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး အခုလို အခက်အခဲမျိုးစုံကို တောင့်ခံပေးထားတဲ့ CDM ဆင်ဦးစီးတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ဆင်အကောင်ရေ ၃၅ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ CDM ဆင်ဦးစီးမိသားစု ၃၃ စုမှာ ပါဝင်တဲ့ လူဦးရေ ၁၁၇ ဦးအတွက် အများပြည်သူ လှူဒါန်းထားတဲ့ ဆန်တင်း ၇၀ ကျော်၊ ငွေသား ကျပ် ၃၁၆၂၉၀၀ နဲ့ ဆီ၊ ဆား အစရှိတဲ့ ပစ္စည်းတွေကို ကျောက်လုံးကြီး (KLG) က ပေးအပ်ခဲ့ပါတယ်။
ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ရှိ သစ်တောကြိုးဝိုင်းတွေအတွင်း အစိုးရအဆက်ဆက် သစ်ထုတ်လုပ်ရေးလုပ်ငန်းတွမှာ ဆင်ကို အဓိကအားထား အသုံးပြုကြတာ ဖြစ်ပါတယ်။