မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် နိုလင်းဟေဇာဟာ ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂတို့အကြား ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အခြေအနေတွေနဲ့ စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်နဲ့ တခြား တာဝန်ရှိသူတွေ တက်ရောက်ခဲ့ တယ်လို့ဆိုပါတယ်။
အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ မြန်မာနိုင်ငံကို ဩဂုတ် ၁၆ ရက်က ရောက်ရှိနေတာဖြစ်ပြီး အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ တရား၀င်အစိုးရနဲ့ တရား၀င်တွေ့ဆုံမှုဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ကျင်းပတဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“လက်ရှိ မြန်မာနိုင်ငံအစိုးရရဲ့ တရား၀င်တွေ့ဆုံမှုဖြစ်တယ်ဆိုတာ သတိထားမိစေဖို့ ပြောကြားလိုပါတယ်။ ထပ်ပြောလိုတာကတော့ ကုလသမဂ္ဂအအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့အစိုးရနဲ့ တရားဝင် တွေ့ဆုံမှုဖြစ်တယ်ဆိုတာကို သတိပြုစေလိုတယ်။ တွေ့ဆုံမှုကနေ ကောင်းမွန်တဲ့ရလဒ်တွေ ရရှိနိုင်လိမ့်မယ် မျှော်လင့်ထားပါတယ်။
နိုလင်းဟေဇာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ကာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခွင့်ရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။
အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်က တာဝန်အရ သွားရောက်တယ်ဆိုတာ နားလည်ပေမဲ့ စစ်ကောင်စီကို အသိအမှတ်ပြုသလိုမဖြစ်အောင် အထူးသတိထားရပါလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူ ဦးကျော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
Photo-DSINFO