ထိုင်းနိုင်ငံတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်သင့်ပြီး လွတ်ရက်စေ့ ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၁၇၃ ဦးကို ဒီကနေ့မနက်မှာ ရနောင်းအာဏာပိုင်တွေက တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ပေးခဲ့ပါတယ်။
သူတို့တတွေဟာ ထိုင်းတောင်ပိုင်းနေရာအသီးသီးမှာ နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ စာရွက်စာတမ်း အထောက်အထားမပြည့်စုံမှု၊ အလုပ်ရှင်လွဲမှားမှု၊ အလုပ်နေရာလွဲမှားမှု အစရှိတဲ့ အလုပ်သမားဥပဒေနဲ့ ငြိစွန်းမှု၊ မူးယစ်ဆေးဝါးမှု စတာတွေနဲ့ အဖမ်းခံရပြီး ပြန်လွတ်လာတာလို့ ဝိုင်းဝန်းကူညီပေးနေတဲ့ ကော့သောင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားပညာပေးစင်တာမှ တာဝန်ခံ ကိုမိုးဝေက ဒီဗွီဘီကို ပြောပါတယ်။
“ထိုင်းတောင်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရတဲ့အုပ်စုဖြစ်ပါတယ်။ ပြစ်မှုအများစု က တော့ လဝက ဥပဒေ၊ အလုပ်သမားဥပဒေနဲ့ငြိစွန်းတာပါ။ မူးယစ်မှုအနည်းငယ်ပါပါတယ်၊ အချုပ်ခန်းထဲမှာ ၄၅ ရက်ကနေ ၃ လအထိ နေခဲ့ရသူတွေဖြစ်ပါတယ်ခင်ဗျ။ ထိုင်းဘက်က မနက် ၁၁ နာရီကျော်မှာ လွှတ်လိုက်ပြီး ကော့သောင်းကို နေ့လယ် ၁၂ နာရီကျော်ရောက်လာပါတယ်။ အမျိုးသမီး ၅၂ ဦး၊ အမျိုးသား ၁၂၁ ဦး ပါပါတယ်ခင်ဗျ။”
ပြန်လွတ်လာသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ကိုဗစ်-၁၉ ရောဂါပိုးနဲ့ ကျန်းမာရေးစစ်ဆေးပြီး ကော့သောင်းရှိ ကွာရန်တင်းစင်တာတွေမှာ ၃ ရက်မှ ၅ ရက်ထိ ထားမှာဖြစ်ကြောင်း၊ ဆေးစစ်ချက်မှာ ရောဂါပိုးမတွေ့ရင် သူတို့နေရပ်ဒေသတွေဆီ ပြန်ပို့ ပေးမယ်လို့ ဆိုပါတယ်။
ထိုင်းတောင်ပိုင်းအချုပ်ထောင်တွေမှာ နောက်ထပ်အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အမြောက်အမြားရှိသေးကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်တွေကတော့ တလ ၂ ကြိမ်လောက်သာ ပြန်ပို့လေ့ရှိပြီး ဒီ ၂၀၂၂ ခုနှစ်ထဲမှာတော့ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားပေါင်း ၁၈၀၀ ကျော် ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ ကိုမိုးဝေက ပြောသွားပါတယ်။