ရခိုင်ပြည်နယ်၊ မောင်တောမြို့က နေအိမ်တအိမ် သြဂုတ် ၁၆ ရက် ည ၁ နာရီကျော်လောက်က အနုကြမ်းစီးခံရပြီး အိမ်ရှင်အမျိုးသမီး ဓားထိုးခံခဲ့ရပါတယ်။
ဓားထိုးခံသူ အမျိုးသမီး ဒေါ်မိုးရီက “မနေ့က ည ၁ နာရီလောက်မှာ ကျမနာမည်ကို ခေါ်တော့ ကျမအိမ်ရှင်ထင်ပြီး တံခါးဖွင့်ပေးလိုက်တာ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၂ ယောက် ဝင်လာပြီး မအော်ဖို့ပြောတယ်။ အော်ရင် ဓားနဲ့ထိုးမယ်ဆိုပြီး ဓားနဲ့ထိုးလာတယ်။ ဓားဒဏ်ရာကြောင့် ကျမ သတိမေ့သွားတယ်။ အိမ်က ဘာတွေယူသွားသလဲဆိုတာတော့ စစ်ဆေးကြည့်ရဦးမှာပါ” လို့ ပြောပါတယ်။
ဓားထိုးခံရသူမှာ ဒေါ်မိုးရီ ၄၂ နှစ်ဖြစ်ပြီး ဘယ်လက်မောင်းတချက်နဲ့ ဘယ်ဝမ်းဗိုက်အောက်တချက် အထိုးခံရပြီး မောင်တောခရိုင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
နေအိမ်အနုကြမ်းစီးခံရပြီး အိမ်ရှင်အမျိုးသမီး ဓားထိုးခံရတာနဲ့ ပတ်သက်ပြီး မောင်တောမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၆၀ နဲ့ အမှုဖွင့်ထားကြောင်း မောင်တောမြို့မရဲစခန်း တာဝန်ရှိ အရာရှိတယောက်က ပြောပါတယ်။
“သူ့အမျိုးသားကတော့ အမှုဖွင့်လာတယ်။ ရွှေ၊ ငွေ ဘယ်လောက်ပါသွားတယ် ဆိုတာတော့ တိုင်ချက်မှာမပါဘူး။ ညအချိန် အိမ်ပေါ်တက်ပြီး ပြင်းထန်နာကျင်အောင် ပြုလုပ်စေမှု ရာဇသတ်ကြီးပုဒ်မ ၄၆၀ နဲ့ အမှုဖွင့်ထားတယ်။ တရားခံဖမ်းဆီးရဖို့ ကြိုးစားနေတယ်။”
မောင်တောမြို့မှာ သြဂုတ် ၁၄ ရက်ကလည်း စျေးဆိုင် ၄ ဆိုင် ဖောက်ထွင်းခံခဲ့ရပြီး သံသယရှိသူ ၂ ယောက်ကို ဖမ်းဆီးကာ ချုပ်ရမန်ရယူပြီး စစ်ဆေးနေကြောင်း မောင်တောမြို့မရဲစခန်းမှ သိရပါတယ်။