ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ ဘူတာရပ်ကွက်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဘေးမှာ ဖွင့်လှစ်ထားတဲ့ မိသားစုကုန်စုံဆိုင်ရှေ့မှာ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆိုင်ဝန်ထမ်း ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “မိသားစုကုန်စုံဆိုင်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ဝန်ထမ်း ၄ ဦး ဗုံးစထိတယ်။ အရင်ကလည်း နောင်ချိုမှာ ဗုံးပေါက်ကွဲမှု တကြိမ်ရှိခဲ့တယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင်ေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဆိုင်ဝန်ထမ်း ၄ ယောက်ဟာ အခုလက်ရှိ နောင်ချိုဆေးရုံမှာ ဆေးဝါးကုသနေတယ်လို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ဆောင်ရွက်တယ်ဆိုတာကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ရက်က စစ်ကောင်စီလက်အောက်ခံ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက မြို့နယ်အတွင်းမှာရှိတဲ့ ပရဟိတ လူမှုရေးအသင်းတွေကို ခေါ်ကာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ အဆက်အသွယ်မလုပ်ဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
နောင်ချိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီက အခု သြဂုတ်လအတွင်း CDM ဝန်ထမ်း၊ ပရဟိတအဖွဲ့ဝင်၊ မြို့မိမြို့ဖ၊ လုပ်ငန်းရှင်တချို့နဲ့ လူငယ်လူရွယ် စုစုပေါင်း အယောက် ၂ဝ နီးပါးကို PDF နဲ့ ဆက်သွယ်တယ် စွပ်စွဲပြီး အဓမ္မဖမ်းဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ် နောင်ချိုမြို့မှာ ဒီမိုကရေစီလိုလားကြတဲ့ အဖိနှိပ်ခံပြည်သူတွေ ရှိသလို စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်း ၅ ရင်းမကရှိကာ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်မှုထမ်းဟောင်းတွေ များပြားလှတဲ့မြို့တမြို့ ဖြစ်ပါတယ်။