မျက်ခုံးမွေးများ အပါအဝင် တခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသူ၊ နားအနည်းငယ်လေးသည်မှအပ မျက်စိကောင်း၊ သွားကောင်း ကျန်းမာရေးပြည့်စုံသူဟု သိရသည်။
သူက ဆံပင်ဖြူများကို သေသပ်စွာ ဖြီးထားပြီး စတိုင်ဘောင်းဘီရှည် အညိုရောင်နှင့် စပို့ရှပ်လက်တို ဖြူ ဝါ ကြားကို သေသပ်ကျနစွာ ဝတ်ဆင်ထားသည်ကို တွေ့ရပြီး သူ၏ ဝတ်စားဆင်ယင်မှုကလည်း တပ်မတော်အရာရှိတယောက် ဖြစ်ခဲ့သည့် သဏ္ဌာန်ကို ထင်ဟပ်ပြနေသည်။
လစဉ် ၂၁ ရက်နေ့တိုင်း ရုံးဖွင့်ရက်ဖြစ်လျှင် ပင်စင်ရုံးသည် စည်ကားတတ်သည့် နယ်ဘက် ပင်စင်စားများ စစ်ဘက်ပင်စင်စားများသည် ထိုနေ့တွင် သူ့အစုနှင့်သူ သာရေးနာရေး၊ သားရေးသမီးရေး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး အပါအဝင် ရှေးဖြစ်နောက်ဟောင်းများ ပြောဆို ရယ်ပွဲဖွဲ့တတ်ကြသည်။
အထူးသဖြင့် စစ်ဘက်ပင်စင်စားများ စုဝေးစကားဝိုင်းတွင် သူ့ထက် ၂၅ နှစ်၊ ၃၀ နှစ်ခန့်ငယ်သော ပင်စင်စား ၆၅ နှစ်အရွယ်များ၏ စကားဝိုင်းတွင် အသက် ၈၅ နှစ်အရွယ် စစ်မှုထမ်းဟောင်းပီပီ သူက ဦးဆောင်နေခြင်းဖြစ်သည်။ အဘိုးအိုသည် ရှေး ၇ တန်းအောင်ဖြစ်သည်ဟု သိရသည်။ ထိုခေတ်က ၇ တန်းအောင်သည် မူလတန်းကျောင်းဆရာနှင့် ဒုလုံခြုံရေးမှူး လျှောက်လို့ရသည်ဟု ဆိုသည်။
သူကတော့ ဗမာ့တပ်မတော်ထဲကို တပ်သားအဖြစ်ဝင်ခဲ့ပြီး တပ်ကြပ်ကြီးစာရေးဖြစ်ကာ ထိုမှ အရာခံဗိုလ်အဆင့် ရုံးအုပ်နှင့် ဖင်ဆွေးအောင်နေပြီး စစ်သက် ၃၀ အရာခံဗိုလ်လုပ်သက် ၁၀ နှစ်ကို ကော်မရှင်အရာရှိပေးစဉ် သူ အစောဆုံး ဗိုလ်ဖြစ်လာသည်ဟု သိရသည်။ ထိုစဉ်က တနေ့လျှင် တပွင့်နှင့် ၂ ရက်အတွင်း ဗိုလ်အဆင့်ရကာ နောက် ၆ လအကြာမှာ ဗိုလ်ကြီးရာထူးနှင့် တပ်ရေးဗိုလ်ကြီး ၁၀ နှစ်ခန့် လုပ်ခဲ့ရသည်ဟု ဆိုသည်။
ထိုအဘိုးအိုသည် စကားမပြောခင် ဟားဟားဟု ရယ်မောကာ စကားစလေ့ရှိပြီး အဆုံးမှာ ဟားဟားနှင့် ရယ်မောအဆုံးသတ်သည်က သူ့အကျင့်ဖြစ်နိုင်သည်။ အထူးသဖြင့် သူသည် တပ်မတော်ကို ချစ်မြတ်နိုးသူဖြစ်ပြီး သူ၏စကားထဲတွင် ပြည်သူ့တပ်မတော် ဆိုသည့် အသုံးကို ထပ်ခါညွှန်းဆိုရင်း အခုခေတ် မျိုးချစ်တပ်မတော် ဆိုသူတွေကို သဘောမတွေ့ဟု ပွင့်လင်းစွာ ဝေဖန်ပြောဆိုသည်။
၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့စဉ်က ရေရှည်ကို တွက်ဆတတ်တဲ့ နိုင်ငံရေးသမားများကလွဲလို့ ပြည်သူအများစုက ခပ်မဆိတ်နေခဲ့ကြပြီး မထောက်ခံသော်လည်း မဆန့်ကျင်ကြဘဲ ကိုယ့်ကို တိုက်ရိုက်မထိလို့ မနာကြတဲ့အဆင့်အနေနဲ့ ရှိကြသည်ဟု သူ့အတွေ့အကြုံကို ပြောပြသည်။
ကုမ္ပဏီကြီးတွေနဲ့ ဈေးဆိုင်တချို့ ပြည်သူပိုင်သိမ်းချိန်မှာလည်း တောနေပြည်သူတို့ ရိုးသားစွာ အကောင်းမြင်ခဲ့ကြသည်ဟု သူကဆိုသည်။
၁၉၅၅ ခုနှစ်က ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ဟု အမည်ပြောင်းခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ စစ်ရေးပြတိုင်း ရန်ကုန်နှင့် နယ်မြို့သာကွဲပြီး ပြည်သူအများစုက တပ်မတော်စစ်ကြောင်းများ၊ စစ်သည်များကို အောင်သပြေကမ်းကြိုကြစမြဲ ဖြစ်သည်ဟုဆိုသည်။
အထူးသဖြင့် မဆလပါတီခေတ်တလျှောက်လုံးမှာ စစ်သားကို ပြည်သူများ သိပ်မမုန်းခဲ့ဘဲ ၈ လေးလုံးအရေးတော်ပုံကြီး ဖြစ်သည်အထိ ပြည်သူ့တပ်မတော်ဟု သုံးနှုန်းကာ ပြည်သူများကလည်း သည်းသည်းလှုပ်ချစ်ခဲ့ပြီး တပ်မတော်သားတွေကို ချစ်ခင်ကြသည်ဟု အဘိုးအိုကဆိုသည်။
ရှစ်လေးလုံး အရေးတော်ပုံအတွင်းမှာ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို လက်နက်နဲ့ အနိုင်ကျင့် လူအုပ်စုကို စက်သေနတ်နှင့် ပစ်သတ်စဉ်က မျက်ဝါးထင်ထင် မြင်ခဲ့ရသူတွေက အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပြည်မြို့က ပြည်သူတွေက စစ်တပ်ကို အော့နှလုံးနာကုန်ကြသည်ဟု သူကဆိုသည်။
၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး တပ်ကို တိုးချဲ့တည်ဆောက်ပြီး ပြည်သူ့တပ်မတော်နေရာမှာ မျိုးချစ်တပ်မတော်ဟုဆိုကာ တဖြည်းဖြည်းချင်း အမည်ပြောင်းလိုက်ကြသည်။ တပ်မတော်သာအမိ၊ တပ်မတော်သာအဖဟု ဆိုကာ ပြည်သူအပေါ် ရန်သူသဖွယ် ဆက်ဆံတော့သည်ဟု ဆိုသည်။
“ဒါတောင် တောနေပြည်သူတွေက စစ်တပ်ကို အကောင်းမြင်တုန်းပဲ။ နဝတ၊ နယက ခေတ်မှာ လယ်တွေသိမ်း ယာတွေသိမ်း အနိုင်ကျင့်တော့ တောကလူတွေပါ ချဉ်လာကြပြီလေ။ အခု အာဏာထပ်သိမ်းတော့ တောက အရင်စချတာကွ။ စစ်တပ်ရဲ့ လူရင်းမြစ်က အညာဘက်ကကွ။ ခု အဲက စဆော်တာ ဖင်စလောင်းလန်နေပြီ ဟားဟား” ဟု အဘိုးအိုက ပြောသည်ကို ကျောင်းဆရာ ပင်စင်စားက ဝင်မေးသည်မှာ…
“ဘကြီး ဦးနေဝင်းကိုရော ဘယ်လိုမြင်လဲ။ သူကရော တိုင်းပြည်အပေါ် ကောင်းခဲ့လား” ဟု ရယ်ကျဲကျဲအမေးကို အဘိုးအိုက…
“အစတော့ ဟုတ်တုတ်တုတ်ပေါ့။ သူ့ခေတ်က သူကလွဲလို့ ဘယ်သူမှ လာဘ်စားတာ သူ မကြိုက်ဘူးကွ။ သူပဲ စားမယ်ပေါ့ ဟားဟား” ဟု ဖြေသည်။
သမိုင်းမှတ်တမ်းမှာတော့ ၁၉၆၂ မတ် ၂ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ၁၉၇၅ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲ အတည်ပြုကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဟူ၍ တပါတီအာဏာရှင်အဖြစ် စစ်ဝတ်စုံချွတ်ပြီး တိုက်ပုံဝတ်ကာ ၂၆ နှစ် အုပ်စိုးခဲ့သည်။ ၁၉၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံက ဦးနေဝင်းခေါ် ဗိုလ်ချုပ်နေဝင်းကို ဖြုတ်ချခဲ့ရာ စစ်တပ်က တဖန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမည်တပ်ပြီး အာဏာသိမ်းကာ ပြည်သူ့တပ်မတော်ကို မျိုးချစ်တပ်မတော်ဟု အမည်ပြောင်းလဲခဲ့သည်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။ ယခု ၂၀၂၁ ခုနှစ်တွင်မူ အရပ်သားပြည်သူ ကျေးရွာများ မီးရှို့သတ်ဖြတ် ခိုးဆိုးလုယက် လူသတ်အလောင်းပစ်နှင့် အစွမ်းကုန် ရက်စက်ယုတ်မာနေကြသည်ကို နေ့စဉ်သတင်းများက ပြဆိုသည်။
ဦးနေဝင်း အာဏာသိမ်းစဉ်ကလည်း နိုင်ငံရေးအမြင်မတူတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မသတ်သင့်ဘဲ ကြိုးပေးသတ်ခဲ့လို့ အဖတ်ဆည်မရခင် အခု မျိုးချစ်တပ်မတော် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကလည်း အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ၂ ဦးနဲ့ ဆန္ဒပြခေါင်းဆောင် ၂ ဦးကို ကြိုးပေးသတ်ခဲ့ခြင်းသည်လည်း စစ်တပ်ကို အဖတ်ဆည်မရစေတဲ့ ကျဆုံးခန်းကို တွန်းပို့ဖြစ်စဉ်ပဲဟု ဆိုသည်။
အတန်းပညာ အသိပညာကို ရှေ့တန်းမတင်တဲ့အပြင် ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော် မဖြစ်ရဘဲ မျိုးချစ်တပ်မတော်ဆိုပြီး အမျိုးတွေပဲ ဇွတ်ချစ်နေခြင်းကြောင့် စစ်တပ်ဟာ ပိုပျက်စီးလာသည်ဟု သူက သုံးသပ်ပြသည်။
“စစ်တပ်ဆိုတာ စစ်တိုက်တာပဲ တော်မှာပေါ့။ နိုင်ငံရေး ဘယ်ကျွမ်းမလဲ။ တို့က အဆင်းရဲဆုံးဖြစ်အောင် လုပ်ခဲ့တယ်ပဲပြောပြော၊ မောင်နေဝင်းကြီးက မဆလပါတီဥက္ကဋ္ဌ၊ ပြည်သူကို ဦး၅ နဲ့ ချည်းကပ်(ပါတီစည်းရုံးရေးလုပ်ငန်းစဉ်)၊ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် လုပ်ဆိုတဲ့ ပါတီစည်းရုံးရေးစကား ရှိတယ်ကွ ဟား ဟား” ဟုဆိုသည်။
အခု မျိုးချစ်တပ်မတော် အမည်ပြောင်းပြီးကာမှ အပေါ်က လူကခိုး၊ အောက်ကဝိုက်၊ အကုန်ပျက်စီးကုန်ပြီး အခု အာဏာသိမ်းပြီးချိန်တွင် ပိုဆိုးသွားကာ ခိုးဆိုးလုယက် မုဒိမ်း လူသတ် အလောင်းဖျောက်အထိ လုပ်လာကြကာ စစ်တပ်၏ ဂုဏ်သိက္ခာ မရှိတော့ဟု သုံးသပ်ပြသည်။
“တကယ်တော့ စစ်တပ်ထဲမှာ အတန်းမဲ့သူ အတန်းရှိတွေနဲ့ ရောနှောနေရင်း အိုင်ကျူလေးတွေတော့ မြင့်လာတယ်။ ရေးတတ် ဖတ်တတ်ရုံကောင်က သူရမယ့်ရိက္ခာ သူ့အတွက် တွက်တာ မြန်ပါ့။ တို့မှာ ဂဏန်းပေါင်းစက် နှိပ်ရတုန်း ဟား ဟား” ဟုဆိုသည်။ သူ ဆက်ပြောတာက…
“ရှေ့တန်းသွားစဉ်မှာ တပ်စိတ် တပ်စုတွေက တပ်ခွဲမှာ ရိက္ခာလာထုတ်ရတယ်။ စာမတတ်တဲ့ကောင်လည်း တွက်တတ်တယ်။ အဲဒါကို ဆိုလိုတာ” ဟု သူက ပြောသည်။
ရှေ့တန်းတွင် ရိက္ခာခြင်တွယ်ပုံမှာ တပ်ထဲဝင်စဉ်ကပင် ကိုယ်ပိုင်ရခဲ့သော ဟန်းကောချိုင့်နှင့် ချိန်တွယ်ကြသည်ဟု သိရသည်။ ဟန်းကောသည် ဒန်သားနှင့် ပြုလုပ်ထားပြီး အပေါ်ကကြည့်လျှင် ကျောက်ကပ်ပုံသဏ္ဌာန် ခပ်ကွေးကွေးကဲ့သို့ရှိပြီး အဖုံးအပါ အမြင့် ၅ လက်မခွဲ၊ အဝအကျယ် ၇ လက်မ၊ ထမင်းရေခန်းချက်ရန် ဆန်နှင့် ရေထည့်ရန် အမှတ် ၂ မှတ်နှင့် အံခွက်ပါတလုံးချိုင့် ဖြစ်သည်။ ဟန်းကောသည် ဆန် ဆီ ဆား ပဲ စသည်တို့ ချိန်တွယ်ရာတွင် တိကျစွာ ချိန်တွယ်နိုင်သည်ဟု ဆိုသည်။ လူတဦး တနေ့စာ ဆန် ၂၆ အောင်စ၊ ကုလားပဲ ၅ ကျပ်သား၊ ဆီ ၁ ဒသမ ၂၅ ကျပ်သား၊ ဆား ဝ ဒသမ ၇၅ ကျပ်သား ရရှိ၍ အများစာ တွက်ချက် ချိန်တွယ်မည်ဆိုလျှင် အင်အားကိုတည် ၁ ဒသမ ၆၂၅ မြှောက်ရင် ဆန်၊ ဆန်ကိုတည် ၀ ဒသမ ၀၅ နဲ့ မြှောက် ပဲ၊ ပဲကိုတည် ဝ ဒသမ ၀၁၂၅ မြှောက်ရင် ဆီ၊ ပြည်တောင်းအစား ဟန်းကောသုံးမည်ဆိုလျှင် ဟန်းကောတလုံး လည်ရစ်အထိ ဆန် ၄ ပေါင် တပြည်၊ ဆားနဲ့ ဆီဆိုလျှင် တပိဿာ ဟန်းကောအံခွက်တပြည့် ဆန်တဘူး အဖုန်းနှင့် တပြည့်ဆိုလျှင် တဗူးခွဲ စသည်ဖြင့် ချိန်တွယ်ကြသည်ဟု ဆိုသည်။
မျိုးချစ်တပ်မတော်သည် ပြည်သူကို မျက်နှာမမူဘဲ လူမျိုးရေးခွဲခြားမှု၊ အထက်အောက် ကျွန်သဖွယ် ခိုင်းစေမှုတွေနဲ့အတူ သာမန် ပြည်သူ့ဝန်ထမ်းတွေထက် ပိုသိ ပိုတတ်သည်ဟု သွေးနားထင် ရောက်နေကြသည်ကို ပြည်မြို့ မှော်ဇာက ၇ တန်းကျောင်းသားက အစောင့်စစ်သားကို ဓားနဲ့ထိုးသည်အထိ ဖြစ်ရခြင်းက သက်သေပဲဟုဆိုသည်။ အစောင့်အဆင့် စစ်သားက တကျောင်းလုံးအပေါ်ကို သူ့ကိုယ်သူ ကျေးဇူးရှင် အထင်ရောက်နေပြီး ကလေးကို ကလေးလိုမမြင်၊ စစ်သားအဆင့်ပဲမြင်ကာ ဆဲဆိုမှုတွေကြောင့် မခံနိုင်သည့် ကျောင်းသားက ဓားနဲ့ထိုးတာဖြစ်သည်ဟု သုံးသပ်ပြကာ မျိုးချစ်တပ်မတော်ဆိုသည့် မြန်မာစစ်တပ်သည် အမျိုးကို ကိုယ်စားပြုနေပြီး ပြည်သူကို ကိုယ်စားမပြုဟုဆိုသည်။
“ဟားဟား ငါလည်း အထဲမှာတုန်းက ဘယ်ပြောရဲမလဲ။ ခုလည်း သဘောပြောတာပါ ဟားဟား” ဟုဆိုကာ ဆက်ပြောတာက မြန်မာ့ နေ့စဉ်သတင်းစာမျက်နှာများတွင် စစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းတွေ ဆက်တိုက်ကျူးလွန်လာသည်ကို ဖတ်ရ မြင်ရ ကြားနေရသည်ဟု ဆိုသည်။ ထို့ကြောင့် အမှန်ကိုပြောခြင်းဖြစ်ကာ ပင်စင်ကလည်း သူ့ဘဝတလျှောက်လုံး မြှုပ်နှံခဲ့ရသည့်အတွက် သူ့အတွက် ရထိုက်သည့် ခံစားခွင့်မို့ ထူးပြီး ကျေးဇူးတင်စရာမရှိဟု ဆိုသည်။
“ကာချုပ်ဆိုတဲ့ ငပုကွကလည်း ရုရှားက ဘုံမဝင် စုံမဝင် ပြန်လာပြီးကတည်းက ရူးနေတာ။ ပြောလိုက်ရင် လျှပ်စစ်ကား၊ ရထားနဲ့ အတော်ရယ်ရတယ်။ ခေတ်အဆက်ဆက် ကာချုပ်ထဲမှာ အဆင့်မရှိဆုံးပဲ။ အရပ်ပုလွန်းရင် အဲလို စိတ်ဘဝင်ကြွတတ်တယ်ကွ ဟားဟား” ဟု သူက ကဲ့ရဲ့သည်။
ထိုအဘိုးအိုပြောခဲ့သော စကားအရ ယခုကာချုပ်သည် သမ္မတရူး၊ ဘုရင်ရူး ရူးကာ အနားပြာတဝိုက်ရဲ့ မြှောက်ပင့်မှုထက် မိသားစုရဲ့ မြှောက်ပင့်မှု၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမျက်အာဃာတ ထားမှုတွေနဲ့ စုံလုံးကမ်းနေစဉ်မှာ အောက်ခြေအဆင့်ဆင့်ကလည်း ခွေးဘုရားပွဲလှည့်နေသလို ဖြစ်နေပြီဟု ပြောဆိုခဲ့ပြီး ယခုလို မှတ်ချက်ပြုပြန်သည်။
“အခု မျိုးချစ်တပ်မတော်ဆိုတာ ကြုံရာစုထားတဲ့ကောင်တွေ၊ အော့ကြောလန်တွေကွ။ တပ်ထဲ ဒီနေ့ရောက် ဒီနေ့စကြားရတာက ခိုင်းတာလုပ်၊ ကျွေးတာစား၊ ခံမပြောနဲ့၊ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ် ဆိုတာက စတာ။ တန်းဖိပစ်လိုက်တာ။ အပြင်ကပါလာတဲ့ ဘာခံယူချက်ဖြစ်ဖြစ် ရေစုံမျောပဲ ဟားဟား” ဟုဆိုသည်။
မဆလခေတ်ကလို ပျော့ပျော့နှင့်နံသည့် ကြောင်ချေး ပြည်သူ့တပ်မတော် ဆိုသည်နှင့် ယခု ထင်ရာစိုင်း မျိုးချစ်တပ်မတော်တို့သည် အတူတူနှင့် အနူနူသာ ဖြစ်တော့သည်ဟု စကားဝိုင်းတွင် ပါဝင်ခဲ့သော ကျောင်းဆရာ အငြိမ်းစားက ဝင်ပြောသည်။
ထို့ပြင် သူက ဗွီအိုအေ တွေ့ဆုံခန်းတခုကို ညွှန်းပြန်သည်။ ထိုတွေ့ဆုံခန်းတွင် အာဏာသိမ်းတပ်ကတော့ ပြည်သူ့ကာကွယ်စောင့်ရှောက်ရေးမှာ အတော်ကြီး အားနည်းတယ်လို့ ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့ ကလော ခလရ (၇) က ဗိုလ်မှူးညွန့်နိုင်က ဗွီအိုအေနှင့် တွေ့ဆုံစဉ်က ဆိုပါတယ်။
ဘာသာရေးအဆောက်အအုံကို မပစ်ခတ်ဖို့နဲ့ စာသင်ကျောင်းမှာ တပ်မစွဲဖို့ သိတဲ့လူ သိပ်နည်းတယ်လို့ ဆိုပါတယ်။ ပြည်တွင်းစစ်ကို ရေရှည်ဆင်နွှဲလာတဲ့ အာဏာသိမ်းတပ်ဟာ မြင်မြင်သမျှလူကို ရန်သူလို့ သတ်မှတ်တယ်လို့ ဆိုပါတယ်။ အထက်မြန်မာပြည်ကို အင်္ဂလိပ် ကိုလိုနီအစိုးရ သိမ်းပိုက်ချိန်ကစပြီး ဒေသခံပြည်သူကို ရန်သူလို့ သဘောထားတဲ့ဓလေ့ စတင် ပေါ်ပေါက်လာပါတယ်။ ပြည်သူ့ဆန့်ကျင်မှုကို ရင်ဆိုင်ရတဲ့ ကိုလိုနီတပ်ရဲ့ အဓိကရန်သူဟာ ပြည်သူ ဖြစ်လာပါတယ်။ ဒါကြောင့် ပြည်သူလူထုကို တိုက်ခိုက်တဲ့နေရာမှာ အင်္ဂလိပ် ကိုလိုနီတပ်နဲ့ အာဏာသိမ်းတပ်ဟာ အသွင်တူကြပါတယ်။
ပြည်သူ့ဆန္ဒလေးစားတဲ့ အစဉ်အလာ အာဏာသိမ်းတပ်မှာ မရှိပါဘူး။ ဒါကြောင့်လည်း ၁၉၅၈ ကစပြီး ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ် အစိုးရတွေကို ဖြုတ်ချပြီး အာဏာသိမ်းလာခဲ့တာ ဖြစ်ပါတယ်။ “ဘဝရပ်တည်ရေးနဲ့ ကိုယ်ကျိုးစီးပွားကို အဓိကထားတဲ့ ပြည်သူလူထုဟာ သူများကြိုးဆွဲရာ ပါသွားတတ်တယ်လို့” စိတ်ဓာတ်စစ်ဆင်ရေးဌာနရဲ့ ၁၉၅၈ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအချိန်ကစပြိး ပြည်သူလူထုကို စစ်တပ်က သြဇာပေးလာတာပါပဲ။ တပြည်လုံး အုံကြွ ကန့်ကွက် ဆန္ဒပြတဲ့ ၁၉၈၈ မှာ အာဏာသိမ်းတပ် ပြန်ပေါ်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးကစပြီး အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေ ကိုယ်ကျိုးရှာကြပါတယ်။ စစ်တပ်တိုးချဲ့တာကြောင့် လူဆိုး၊ ဂျပိုးနဲ့ ရာဇဝတ်မှု ကျူးလွန်ထားသူတွေ တပ်ထဲရောက်လာတာမို့ စိတ်ဓာတ်ရေးရာမှာ အလွန်နိမ့်ကျသွားပါတယ်ဟု ဖြေဆိုထားသည်ကို တွေ့ရပေမည်။
ထိုအဘိုးအိုပြောသည့် ကိုယ်တွေ့ဖြစ်စဉ်နှင့်ပတ်သက်၍ ၁၉၅၈ ခုနှစ်ကနေ ယနေ့အထိ ပြည်သူ့တပ်မတော် တကယ်ရှိခဲ့ဘူးလား ဆိုသည့် မေးခွန်းကို အဘိုးက “စစ်တပ်က ဘယ်လို ဖြစ်နေလဲဆိုတော့ သူခိုးကြီးတော့ ဓားပြ၊ ဓားပြကြီးတော့ သူပုန်၊ သူပုန်ကြီးတော့ တရားဝင် အကြမ်းဖက်ဂိုဏ်းကြီးပေါ့ကွာ” ဟု ဆိုပြန်သည်။
ထိုအဘိုးအို ပြောသော ပြည်သူ့တပ်မတော် တကယ်ရှိခဲ့သည်လား ဆိုသည်ကို ၁၉၅၈ မှ စတင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မဆလခေတ်ကလို ပျော့ပျော့နှင့်နံသည့် ကြောင်ချေး ပြည်သူ့တပ်မတော် ဆိုသည်နှင့် ယခု ထင်ရာစိုင်း မျိုးချစ်တပ်မတော်တို့သည် အတူတူနှင့် အနူနူသာ ဖြစ်တော့သည်ဟု ဆိုချင်က ဆိုနိုင်မည်ပင် ဖြစ်သည်ဟု အဘိုးအိုက သုံးသပ်ပြောဆိုအပြီးမှာ ပင်စင်ထုတ်ယူရန် အလှည့်ကျ အမည်ခေါ်သံကြောင့် “ရှိ..” ဟု သံရှည်ထူးကာ ခပ်သွက်သွက် ထွက်သွားမှ စကားဝိုင်းပြတ်တော့သည်။
ဒေးဗစ်ထန်း