မုတ်သုံလေ အားကောင်းလွန်းတာကြောင့် ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နောက် ၂ ရက်အထိ မိုးဆက်ပိုနေဦးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
ဒီနေ့ မနက်ပိုင်း မိုး/ဇလ ခန့်မှန်းထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နောက် ၂ ရက်အထိ မိုးဆက်လက်ပိုနေမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေပိုင်းအထိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာ မိုးကြီးနေဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ကာ လှိုင်းကြီးမယ်လို့ ဆိုထားပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေက တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တခါတရံ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထားပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေက တနာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့လည်း မိုးဇလက သတိပေး ထုတ်ပြန်ထားပါတယ်။