မွန်ပြည်နယ်၊ ချောင်းဆုံနဲ့ မုဒုံမြို့နယ်တွေမှာ လေပြင်းတိုက်ခတ်ပြီး သစ်ပင်တွေ ပြိုလဲတာကြောင့် နေအိမ်နဲ့ ဆိုင်ခန်း ၁၀ လုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
သြဂုတ် ၁၆ ရက် မနက် ၈ နာရီလောက်က မိုးအဆက်မပြတ် ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ချောင်းဆုံမြို့နယ်ရှိ ကလော့နဲ့ အပြိုင်းကျေးရွာက နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီထဲမှာ နေအိမ်တလုံးကတော့ ပြိုကျပျက်စီးခဲ့တာပါ။
ဒါ့အပြင် မုဒုံမြို့ပေါ်မှာလည်း သြဂုတ် ၁၅ ရက် ည ၁၀ နာရီလောက်က လေပြင်းတိုက်ခတ်ပြီး သစ်ပင်တွေ ပြိုလဲတာကြောင့် ဆံပင်ညှပ်ဆိုင်ခန်းတခု ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တာပါ။
လေပြင်းတိုက်ခတ်တာနဲ့ သစ်ပင်တွေ ပြိုလဲမှုမှာ လူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ နေအိမ်တွေ ပျက်စီးသွားတဲ့ ဒေသခံတွေကတော့ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေကို ပြောင်းရွှေ့ပေးနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
မွန်ပြည်နယ်မှာ သြဂုတ် ၁၅ ရက် ညဦးပိုင်းကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မော်လမြိုင်၊ မုဒုံ၊ ပေါင်နဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေပြီး နေအိမ်တွေ အရေးပေါ် ပြောင်းရွှေ့နေရပါတယ်။