ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ၇၈ ရပ်ကွက်၊ ရွှေလီလမ်းမှာ ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီခွဲလောက်က ဗုံးပေါက်ကွဲပြီး အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ယုဇနဥယျာဥ်အိမ်ရာ အနောက်ဘက်ဂိတ်တံခါးနား ဗုံးပေါက်ကွဲချိန် လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ လင်မယားနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အိမ်ရာမှာ နေထိုင်သူ တဦးက ပြောပါတယ်။
"အမှိုက်ကောက်နေချိန် ဗုံးထပေါက်တာ။ ဒဏ်ရာတွေ မြင်မကောင်းဘူး။ အသက်တောင် ရှင်ပါ့မလား မသိဘူး။ စစ်တပ်က လာတော့ ဗုံး တလုံး ထပ်တွေ့တယ်။"
ထိခိုက်ဒဏ်ရာရသူ နှစ်ယောက်ဟာ လက်တွန်းလှည်းနဲ့ ရေသန့်ဘူး လိုက်ကောက်တဲ့ ကိုလှမိုးနဲ့ မစံပယ်တို့ ဇနီးမောင်နှံ ဖြစ်တယ်လို့ မြို့နယ်ထွေအုပ်နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
"ကိုလှမိုးက လက်နှစ်ဖက်လုံးပြတ်သွားတယ်။ သူ့မိန်းမလည်း အတော်လေးထိသွားတယ်။ အခြေအနေမကောင်းဘူး။”
လတ်တလော အဆိုပါထိခိုက်ဒဏ်ရာရသူ နှစ်ယောက်ကို အမှတ် ၁ မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ အနီးဝန်းကျင်ကို ရှာဖွေရာမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး တလုံး ထပ်မံတွေ့ရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်က မြို့နယ်တချို့မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူတွေ ရှိသလို ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။