မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ သြဂုတ် ၁၅ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး တိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က DVB ကို ပြောပါတယ်။
ကျိုက်ထိုမြို့နယ် မရမ်းချောင်းဘက်ကနေ အရပ်သား အိမ်စီးကား (Toyota Wish) အဖြူရောင်ကားကို အသုံးပြုပြီး အရပ်သားဝတ်နဲ့ မောင်းနှင်းလာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာပါ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF ပူးပေါင်းအဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။
ပြင်းထန်ဒဏ်ရာရှိခဲ့တဲ့သူဟာ တရားခံ ဒါမှမဟုတ် စစ်ကောင်စီ စစ်တပ်သား ၁ ဦး ဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့သူ ၁ ဦးကိုတော့ စစ်ကောင်စီတပ်က လာရောက် ကောက်ယူသွားပြီး ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူတဦးက ပြောပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မရမ်းချောင်နယ်ထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းနဲ့ ရဲတပ်သားတဦး ဖြစ်တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာဟာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံနေရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။