Home
မြန်မာသတင်း
ရင်ပေါင်တိုင်ကျေးရွာတွင် စစ်တပ်က သတ်ထားသည့် ရုပ်အလောင်းများတွေ့ရှိ
DVB
·
August 15, 2022
298653009_3066305930258629_7232780905394947059_n

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာမှာ သြဂုတ် ၁၄ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ သတ်ဖြတ်ထားတဲ့ သေဆုံးရုပ်အလောင်း ၈ လောင်း တွေ့ရှိခဲ့ရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ကျေးရွာအတွင်းကနေ ထွက်ခွာသွားပြီးနောက် ဒေသခံတွေဝင်ရောက်ရှာဖွေရာမှ ရုပ်အလောင်းတွေ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေထဲမှာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး တို့ရဲ့ ရုပ်အလောင်းသာ ပုံမပျက်တွေ့ရှိခဲ့ရပြီး ကျန် ၆ ဦးရဲ့ ရုပ်အလောင်းတွေဟာ မီးရှို့ခံထားရပြီး အိမ်မွေးတိရစ္ဆာန်တွေ ကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ထားခဲ့ကြောင်း၊ ဒေသခံအမျိုးသား ၂ ဦးနဲ့ ချင်းတိုင်းရင်းသား ၂ ဦးတို့ကိုလည်း ရဟတ်ယာဥ်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို လူသားဒိုင်းအဖြစ်နဲ့လည်း ခေါ်ဆောင်သွားတာတွေလည်း ရှိတယ်လို့ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့က ရင်ပေါင်တိုင်ကျေးရွာရှိ နေအိမ် ၄ လုံးနဲ့ စျေးဆိုင်တန်းအပါအဝင် ပြည်သူပိုင်ပစ္စည်းအများအပြားနဲ့ ပုထိုးသာကျေးရွာက နေအိမ် ၉ လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးထားခဲ့ကြပြီး ဒေသခံတွေရဲ့ပစ္စည်းများကိုလည်း ခိုးယူသွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ သြဂုတ် ၁၁ ရက်နေ့က ရင်ပေါင်တိုင်ကျေးရွာအတွင်းကို လေကြောင်းကနေ ပစ်ခတ်ဝင်ရောက်လာခဲ့တာကြောင့် ဒေသခံ PDF ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေလည်းရှိခဲ့ပြီး ဒေသခံအများအပြားလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရင်ပေါင်တိုင်ကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ သြဂုတ် ၁၄ ရက် နေ့လယ်ပိုင်းလောက်မှာတော့ အဲဒီကျေးရွာအတွင်းကနေ ပုလဲမြို့နယ်ဘက်ကို ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024