Home
ဆောင်းပါး
စစ်တုရင် ကစားတဲ့ ကဗျာဆရာများ
DVB
·
August 14, 2022
288892119_762741341614126_6946870681284814103_n (2)

အရှေ့ဥရောပဒေသ၊ နိုင်ငံတချို့ရဲ့ သမိုင်းရေးဖြစ်ပေါ်တိုးတက်မှုဟာ ကျနော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုနဲ့ မနီးယိုးစွဲ ဖြစ်ကြပါတယ်။

အဲဒီဒေသက နိုင်ငံတချို့ဟာ ကျနော်တို့နိုင်ငံလိုပဲ တပါတီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုကို မချိမဆံ့ ခံကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှု မှတ်တိုင်တွေ အဖွဲ့အစည်းတွေ ဆိုတာဟာ တကမ္ဘာလုံးရဲ့ အာရုံစိုက် လေးနက်မှုကို ရယူနိုင်ခဲ့ကြပါတယ်။

ဥပမာ - ပိုလန်နိုင်ငံက “ချာတာ ၇၇” လှုပ်ရှားမှု၊ ချက်ကိုစလိုဗေးကီးယားနိုင်ငံရဲ့ “ပရပ်နွေဦး” လှုပ်ရှားမှုတွေဟာ လေးစားရလောက်တဲ့ လွတ်မြောက်ရေးသမိုင်းမှတ်တိုင်တွေ ဖြစ်ကြပါတယ်။ ဒီဒေသထဲကပဲ… ရူမေးနီးယားနိုင်ငံရဲ့ မှတ်တိုင်တခုကတော့ ရူမေးနီးယားပြည်သူတွေဟာ အာဏာရှင်ကြီး “ချောင်ဆက်စကူ” နဲ့ သူ့ဇနီးကို လူထုခုံရုံးတင်ပြီး သေဒဏ်ခတ်တဲ့အထိ ဒေါသမီးလျှံ တဟုန်းဟုန်း တောက်လောင်ခဲ့ကြတဲ့ မှတ်တိုင်ပါပဲ။

ရူမေးနီးယားနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ၁၉၅၀ နဲ့ ၁၉၇၀ ပြည့်နှစ်အကြား နှစ် ၂၀ ဝန်းကျင်ကာလဟာ စိတ်ဝင်စားဖို့ကောင်းတာတွေ တွေ့ရပါတယ်။ ကျနော်က ကဗျာချစ်သူ ဖြစ်တော့ကာ၊ အဲဒီ နှစ် ၂၀ ဝန်းကျင်ကာလ၊ (ရူမေးနီးယား စာပေလောက၊ ကဗျာလောကနဲ့ ရူမေးနီးယား ကဗျာဆရာတွေရဲ့ အခြေအနေကိုပဲ ရွေးချယ်လေ့လာမိပါတယ်။ ဒီနေရာမှာလည်း ရူမေးနီးယား စာပေဖြစ်ထွန်းမှုနဲ့ မြန်မာစာပေဖြစ်ထွန်းမှုဟာ အဲဒီ နှစ် ၂၀ ကာလအတွင်း တခုနဲ့တခု ဆင်တူနေတာကို သွားတွေ့ရပါတယ်။

၁၉၅၀ ပြည့်နှစ်တဝိုက်တုန်းက မြန်မာစာပေနယ်ပယ်မှာ ထင်ရှားတဲ့ စာပေလှုပ်ရှားမှုတခု ပေါ်ခဲ့ပါတယ်။ ဆရာဒဂုန်တာရာရဲ့ “စာပေသစ်” လှုပ်ရှားမှု ဖြစ်ပါတယ်။ စာပေသစ်လှုပ်ရှားမှုရဲ့ အဓိကအယူအဆက “စာပေဟာ လူထုအတွက် ဖြစ်ရမယ်” ဆိုတဲ့ ဆိုရှယ်လစ်စာပေ အယူအဆပဲ ဖြစ်ပါတယ်။ ဒီအယူအဆအပေါ် ရပ်တည်ပြီး လူငယ်စာပေသမားတွေ ထင်ရှားလာခဲ့ပါတယ်။

 “ဗန်းမော်တင်အောင်”၊ “ မြသန်းတင့် ”၊ “ကြည်အေး” တို့ ထင်ရှားခဲ့ကြပါတယ်။

၁၉၅၀ - ဝန်းကျင်ကာလ ရူမေးနီးယားစာပေမှာလည်း ထူးခြားချက်ရှိပါတယ်။ စတာလင်ခေတ် အမြီးပိုင်းကို ဖြတ်သန်းနေရတာမို့ စာပေစိစစ်ရေး တင်းကျပ်မှုကြောင့် ရူမေးနီးယား ကဗျာဆရာတွေဟာ ကဗျာတွေ၊ ကဗျာစာအုပ်တွေ ပုံနှိပ်ထုတ်ဝေဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၀ နားနီးလာတော့ ရူမေးနီးယား တပါတီအစိုးရဟာ အင်အားချည့်နဲ့နေခဲ့ပါပြီ။

ဆိုဗီယက် ဗဟိုချုပ်ကိုင်မှုဟာလည်း ပြိုလဲလုနီးလာပြီ။ ဆိုဗီယက်အင်ပါယာရဲ့ အရန်နိုင်ငံငယ်တခုအဖြစ်သာ ရပ်တည်လာခဲ့ရတဲ့ ရူမေးနီးယားနိုင်ငံရဲ့ မိုးကောင်းကင်ဟာ မိုးသားကင်းစင်စ ပြုလာခဲ့ပါပြီ။

၁၉၆၄ - ခုနှစ်ထဲမှာတော့ ရူမေးနီးယား အာဏာရှင်အစိုးရဟာ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို ထောင်တွေထဲက လွှတ်ပေးလာရတဲ့အထိ ရူမေးနီးယား ဒီမိုကရေစီရေး အုံကြွမှုဟာ အင်အားကောင်းလာခဲ့ပါတယ်။ ဒီလို နိုင်ငံရေးဂယက်က စာပေကိုလည်း မလွဲမသွေ ရိုက်ခတ်တော့တာပေါ့။ စတာလင်ခေတ်အမြီးပိုင်း ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက မီးခဲပြာဖုံး ဖြစ်နေခဲ့ရတဲ့ ရူမေးနီးယား ကဗျာနယ်ပယ်ဟာ ဒီအချိန်မှာတော့ ရုတ်တရက် ပန်းမျိုးစုံဖူးပွင့်တဲ့ ဥယျာဉ်တခုလို ဖြစ်လာခဲ့ပါတယ်။ ကဗျာဆရာ “ဘာဘူ၊ ဘလာဂါ” နဲ့ “ဘွိုင်ဘူလက်စကူ” အစရှိတဲ့ ကဗျာဆရာတွေဟာ ရုတ်တရက်ပွင့်သွားတဲ့ စာပေစိစစ်ရေး အခြေအနေကို ကောင်းကောင်းကြီး အသုံးချပြီး ကဗျာတွေ ရေးကြပါတယ်။ “ရူမေးနီးယားစာပေသစ်” လှုပ်ရှားမှုကြီးအဖြစ် တွန်းတင်ကြပါတယ်။ အတတ်ပညာနဲ့ အကြောင်းအရာ နှစ်ခုစလုံး သစ်ဖို့ ကြိုးစားကြတာပါပဲ။ ဒီစာပေသစ်လှုပ်ရှားမှုကို လူငယ်ကဗျာဆရာတွေကပဲ ခေါင်းဆောင်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ ကဗျာဆရာတွေကတော့ “အိုအိုက် အလက်ဇ်ဒဂူ”၊ “အင်နာဘလန်ဒီယာနာ”၊ “အော်စတန်တာ ဘူဇီယာ”၊ “နီချီတာ စတန်တက်စကူ” နဲ့ “မာရင်းဆိုရက်စကူ” တို့ ဖြစ်ကြပါတယ်။

ဒီလိုနဲ့ ၁၉၇၀ - ပြည့်နှစ်ကျတော့ ရူမေးနီးယား စာပေသစ်လှုပ်ရှားမှုဟာ ကြီးထွား ပျံ့နှံ့လာခဲ့ပါတော့တယ်။

မြန်မာကဗျာနယ်ပယ်မှာလည်း အဲဒီနှစ်ပေါင်း ၂၀ အတွင်း “စာပေသစ်” လှုပ်ရှားမှုပြီးတဲ့နောက် “မိုးဝေ စာပေလှုပ်ရှားမှု” ဆိုတာ ဖြစ်လာပါတယ်။ ကဗျာဆရာတွေဟာ အတတ်ပညာအရ၊ အကြောင်းအရာအရ၊ တစုံလုံးပြောင်းလဲဖို့ ကြိုးစားကြတဲ့ ကဗျာလှုပ်ရှားမှုကို တက်တက်ကြွကြွ လုပ်ကြပါတယ်။ ထင်ရှားတဲ့ ကဗျာဆရာတွေထဲမှာ “မောင်လေးအောင်” နဲ့ “မောင်သင်းခိုင်” တို့ဟာ ရှေ့တန်းက ရှိခဲ့ကြပါတယ်။

၁၉၅၀ - နဲ့ ၁၉၇၀ - ခုနှစ်ဝန်းကျင်၊ နှစ် ၂၀ ကာလတလျှောက် ရူမေးနီးယားနဲ့ မြန်မာကဗျာ နယ်ပယ်ကို သုံးသပ်ကြည့်ရင် ကဗျာဆရာတွေဟာ အုပ်စိုးသူအဆက်ဆက်၊ ဖိနှိပ်သွေးစုပ် ခြယ်လှယ်သူ အဆက်ဆက်နဲ့ စီးချင်းထိုးနေခဲ့ကြတဲ့ သဘောရှိပါတယ်။ ကဗျာဆရာတွေဟာ အချိန်အခါနဲ့ အခြေအနေအပေါ်ကြည့်ပြီး ကဗျာသစ်လှုပ်ရှားမှုတွေကို ဖန်တီးကြ၊ ကဗျာတွေနဲ့ လူထုရဲ့ စိတ်ဓာတ်မြှင့်တင်ရေးကို ကြိုးပမ်းကြနဲ့ ကဗျာနယ်ပယ်ရဲ့ အရေးပါမှုဟာ လေးနက်ခဲ့ရပါတယ်။ ကဗျာဆရာတွေဟာ ဖိနှိပ်သွေးစုပ် အုပ်ချုပ်သူအဆက်ဆက်နဲ့ မမောမပန်းနိုင် ဉာဏ်ရည်ချင်း ပြိုင်ရင်းက လူထုရှေ့က ရပ်ခဲ့ကြပါတယ်။ လူထုရဲ့ ရင်ခုန်သံကို ကိုယ်စားပြုတဲ့ ကဗျာတွေ ရေးကြပါတယ်။

အဲဒီ ၁၉၅၀ နဲ့ ၁၉၇၀ - ပြည့်နှစ်အကြား နှစ် ၂၀ ဝန်းကျင်အတွင်း ရူမေးနီးယား ကဗျာဆရာတွေနဲ့ မြန်မာပြည်က ကဗျာဆရာတွေ ဘယ်လောက်အထိ ရင်ခုန်သံ နရီချင်း ထပ်တူကျခဲ့ကြသလဲဆိုရင် ရူမေးနီးယား ကဗျာဆရာ “မာရင်းဆိုရက်စကူ” နဲ့ မြန်မာကဗျာဆရာ “မောင်လေးအောင်” တို့ရဲ့ ကဗျာနှစ်ပုဒ်ကို ကြည့်ရင် သိနိုင်ကြမှာပါ။

“မာရင်းဆိုရက်စကူ” က “စစ်တုရင်ထိုးခြင်း” ခေါင်းစဉ်နဲ့ ကဗျာတပုဒ် ရေးခဲ့သလို “မောင်လေးအောင်” ကလည်း “နစ်ဆင်နှင့် စစ်တုရင်ထိုးခြင်း” ကဗျာကို ရေးပါတယ်။ နှစ်ဦးစလုံး ခေါင်းစဉ်ပေးပုံ တူကြတဲ့အပြင် ရပ်တည်ချက်ချင်း တူကြတာကိုလည်း တွေ့ကြရပါတယ်။

ဒီနေရာမှာ “မောင်လေးအောင်” က မိုးဝေမဂ္ဂဇင်းမှာရေးခဲ့တဲ့ “နစ်ဆင်နှင့်စစ်တုရင်ထိုးခြင်း” ကဗျာကို စာရေးသူဆီမှာ အဆင်သင့်မရှိတဲ့အတွက် မဖော်ပြနိုင်ပေမဲ့ ရူမေးနီးယားကဗျာဆရာ “မာရင်းဆိုရက်စကူ” ရဲ့ “စစ်တုရင်ထိုးခြင်း” ကဗျာကိုတော့ ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။

စစ်တုရင်ထိုးခြင်း

ငါက
အဖြူရောင် နေ့တနေ့ကိုရွှေ့တော့
သူက
အနက်ရောင် နေ့တနေ့ကိုရွှေ့တယ်။
ငါက
အိပ်မက်တခုနဲ့ ရှေ့ကိုတက်တော့
သူက
စစ်ပွဲတခုဖြစ်အောင် ဖန်တီးလိုက်တယ်။

သူက
ငါ့ရဲ့အဆုပ်ကို တိုက်ခိုက်လိုက်တော့
ငါထင်တယ်…ငါ့မှာ၊
တနှစ်နီးပါးဆေးရုံတက်ခဲ့ရ။
ငါက
အင်မတန်ကောင်းမွန်တဲ့ စေ့စပ်မှုတခုဖန်တီးပြီး
အနက်ရောင် နေ့တနေ့ကို နိုင်လိုက်တော့
သူက
ကင်ဆာရောဂါနဲ့ ငါ့ကိုခြိမ်းခြောက်လိုက်ပြန်တယ်။
ဒါပေမဲ့
ငါက…၊ သူ့ရှေ့မှာစာအုပ်တအုပ်ချထားလိုက်တော့
သူက မတတ်သာလို့ဆုတ်ခွာ။
ငါက
အစိတ်အပိုင်းအချို့ကို နိုင်လိုက်တော့
ကြည့်စမ်း
ငါ့ဘဝ တခြမ်းလုံး ဆုံးရှုံးလိုက်ရ။
“အကယ်၍ …
ငါက မင်းကို ပိတ်ဆို့ထားမယ်ဆိုရင်
မင်းရဲ့ ထင်မြင်ချက်တွေကို မပြောနိုင်တော့ဘူးပေါ့” လို့
သူက ပြောတယ်။
“ဒါလောက်တော့ မှုစရာမဟုတ်ပါဘူး” လို့
ငါက ရယ်စရာလုပ်ပစ်လိုက်တယ်။
“ငါ့ခံစားချက်ကို
ငါ ကောင်းကောင်းကြီး ထိန်းရလိမ့်မယ်” လို့
ငါ ပြန်ပြောလိုက်တယ်။
ငါ့ဇနီး
ငါ့သားသမီး
“နေ နဲ့ လ”
ပြီးတော့ ပွဲကြည့်ပရိသတ်ဆိုတာ
ငါ့နောက်မှာ
ငါ့လှုပ်ရှားမှု ဟူသမျှ
စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ။
ငါ…
စီးကရက်တလိပ် မီးညှိတယ်
စစ်တုရင်ဆက်ပြီးထိုးတယ်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား။ ။ “AN ANTHOLOGY OF CONTEMPORARY ROMANIAN POETRY”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024