Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်အတွင်း နွားရှာသွားသူ ရွာသား ၄ ဦး မိုင်းနင်းမိ
DVB
·
August 13, 2022
298376665_800648404290888_2611037495814328683_n

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ဘုတ္တောနဲ့ မော်ရွာကျေးရွာက ရွာသား ၄ ဦး နွားရှာသွားရင်း ဘုတ္တောကျေးရွာနားက တောင်တန်းနားမှာ မိုင်းနင်းမိ ပေါက်ကွဲပြီး ဒဏ်ရာရခဲ့ကာ ဒဏ်ရာ ပြင်းထန်သူ ၁ ယောက်ကို စစ်တွေဆေးရုံ ပို့လိုက်တယ်လို့  သုခမိတ္တာနာရေးကူညီမှုအသင်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

" ကျနော်တို့ သိရသလောက်တော့ သူတို့ ၄ ဦးက နွားရှာသွားကြရင်း မိုင်းနင်းမိတာ” 

မော်ရွာနေသူတွေဖြစ်တဲ့ ဦးအောင်ဝင်းသိန်း(၃၅)နှစ်ဟာ မိုင်းထိမှန်ကာ နံရိုးဖောက်ဝင် ဒဏ်ရာ ရခဲ့ပြီး ဦးအောင်ချမ်းစိန်(၆၀)နှစ်ကတော့ ညာဘက်လက်ကောက်ဝတ်ပြတ်သွားခဲ့ပါတယ်။ 

နောက်ထပ် ဘုတ္တောကျေးရွာနေ ဦးဝင်းအောင်(၂၁)နှစ်ကတော့ ခန္ဓာကိုယ်မှာ မိုင်းစ ထိမှန်သွားခဲ့ပြီး ဦးမောင်ကြီးအောင်(၅၇)နှစ်ကတော့ ဘယ်ဘက်ပေါင်မှာ မိုင်းစက် ထိမှန်‌ဒဏ်ရာခဲ့တယ်လို့ သိရ ပါတယ်။

မိုင်းထိမှန်သူ ၄ ယောက်ကို ယိုးတရုတ်တိုက်နယ်ဆေးရုံးကို ပို့လိုက်ပြီး အဲဒီထဲက လက်ကောက်ဝတ်ပြတ်သွားသူ ဦးအောင်ချမ်းစိန်ကို စစ်တွေဆေးရုံကို အရေးပေါ်ပို့လိုက်တယ်လို့ သုခမိတ္တာ နာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောပါတယ်။

မြေမြုပ်မိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားနေရတဲ့ ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော် (အေအေ)အနေနဲ့ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းတွေကို ဆက်တိုက်ဆောင်ရွက်နေတယ်လို့ အေအေ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောဆိုထားတာပါ။

ရခိုင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ်ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ မိုင်းထိ သေဆုံးသူ ၆ ယောက် ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၁ ယောက်အထိ ရှိခဲ့ကြောင်း မိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024