Home
မြန်မာသတင်း
ရန်ကုန်တွင် စက်သုံးဆီ ပြတ်တောက်မှု ရှိလာ
DVB
·
August 13, 2022
298620330_10158892519982913_4510718179455119289_n

ပြည်တွင်းစက်သုံးဆီဈေးတွေ မြင့်တက်လာပြီးနောက် တိုင်းနဲ့ ပြည်နယ်တချို့မှာ ပြီးခဲ့တဲ့ ရက်တွေ ကစလို့ စက်သုံးဆီ ပြတ်တောက်ခဲ့သလို ရန်ကုန်မှာလည်း ဒီနေ့ကစ စက်သုံးဆီ  ပြတ်လာပြီလို့ ရန်ကုန်မြို့ခံ ယာဉ်မောင်းတွေက ပြောပါတယ်။

ရန်ကုန်မှာတော့ သြဂုတ် ၁၂ ရက်အထိ လိုသလောက်ဝယ်ယူ ရရှိနိုင်ခဲ့ရာက  သြဂုတ် ၁၃ ရက်ကစပြီး စက်သုံးဆီ လိုသလောက် မရတော့အတွက် တန်းစီဝယ်ယူရတဲ့ အခြေအနေတွေ ရှိလာချိန်မှာ ဓာတ်ဆီကိုသာ ဝယ်ယူနိုင်ပြီး ဒီဇယ်ဆီကိုတော့ လုံးဝ ဝယ်လို့ မရတော့ဘူးလို့ ယာဥ်မောင်းတွေက ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်ပကနေ ဝယ်ယူတင်သွင်းနေရတဲ့ စက်သုံးဆီကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံဖိုး လျော့ချဖို့ ပြောဆိုပြီးနောက် ပြည်တွင်း စက်သုံးဆီ ဈေးတွေ အဆမတန်မြင့်တက်လာခဲ့ကာ ရန်ကုန်မြို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာ အောက်တိန်း-92 တလီတာကို  ၂၃၂၀  ကျပ်၊ အောက်တိန်း-95 တလီတာလျှင် ၂၃၉၀ ကျပ်အထိ ရှိလာပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ တချို့အရောင်းဆိုင်တွေမှာ ဒီဇယ်တလီတာကို ၂၆၅၅ ကျပ်၊ ပရီမီယံ ဒီဇယ် တလီတာကို ၂၇၃၀ ကျပ်နှုန်းနဲ့ ရောင်းချနိုင်သေးပေမဲ့ တချို့အရောင်းဆိုင်တွေမှာတော့ ဒီဇယ်ဆီကို အရောင်းပိတ်ထားရတဲ့အခြေအနေအထိဖြစ်နေပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒီလို စက်သုံးဆီဈေးတွေ မြင့်တက်လာမှုနဲ့ ဆီပြတ်တောက်လာတဲ့ အခြေအနေတွေကြောင့် အငှားယာဥ်တချို့ ပြေးဆွဲနိုင်ခြင်း မရှိတော့ဘဲ ရပ်နားထားရတယ်လို့လည်း အငှားယာဥ်မောင်းတွေ က ဆိုပါတယ်။

စက်ဆီပြတ်တောက်မှုဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း ဖြစ်ပေါ်ခဲ့သေးပြီး စက်သုံးဆီ ဆိုင်တွေမှာ တိုးကြိတ်ဝယ်ယူရတဲ့ အခြေအနေအထိ ဖြစ်ပေါ်ခဲ့သလို စက်သုံးဆီအရောင်းဆိုင်တွေ ကလည်း အရောင်းပိတ်ထားရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024