သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ မြို့နယ် လ.ဝ.က ရုံးအတွင်းကို ဒီကနေ့ နေ့လယ် ၂ နာရီခွဲလောက်မှာ အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒုဦးစီးမှူး သေဆုံးပြီး ဦးစီးအရာရှိ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “ဦးစီးအရာရှိကို အရင်ပစ်တာ။ အဲဒီမှာတင် ဒုဦးစီးမှူးက သေနတ်ပစ်တဲ့သူကို ဝင်လုံးတာ။ သူပါ အပစ်ခံရတယ်။ သူက အဲဒီနေရာမှာတင် သေတာ။ အခုတော့ လူနာတင်ယာဥ်တွေရော၊ ရဲတွေရော စစ်သားတွေရော ရောက်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် မြို့နယ်ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးမှာ ရင်ဘတ်ကျည် ထိမှန်ဒဏ်ရာရရှိပြီး ဒုဦးစီးမှူးဦးကျော်မိုးမှာ ကျည်ထိမှန် ဒဏ်ရာနှစ်ချက် ရရှိကာ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဦးစီးအရာရှိက ဒဏ်ရာရတယ်။ ဒုဦးစီးမှူးက သေတယ်။ ဒဏ်ရာရတဲ့သူလည်း အခြေအနေမကောင်းဘူး။ အခုဆေးရုံကို ပို့ထားတယ်။ ပစ်တဲ့သူကို မမိပါဘူး” လို့ ရှင်းပြပါတယ်။
လက်တလောမှာ စစ်ကောင်စီတပ်တွေဟာ သင်္ဃန်းကျွန်းမြို့နယ် လ.ဝ.က ဦးစီးမှူးရုံးမှာ တပ်စွဲထားပြီး လေးထောင့်ကန်လမ်းမကြီးတလျှောက်ရှိ ကားတွေနဲ့လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်စက်မှုဇုန် (၃) မြတ်ဧရာလမ်းသွယ် (၂) က နေအိမ်မှာ ကားပြင်နေတဲ့ အရန်မီးသတ်တပ်ခွဲမှူးနဲ့ သူငယ်ချင်းဖြစ်သူ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။