မန္တလေး အိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ဟာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်ခံရတယ်လို့ သိရပါတယ်။
ဒီလို ရိုက်နှက်ခံရတဲ့အတွက် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာတွေ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရပေမဲ့ ဆေးကုသခွင့်မရဘူးလို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
ကိုနောင်ထက်အောင်ရဲ့ ကျန်းမာရေးအခြေအနေဟာ ထောင်တွင်းမှာ အလွန်ဆိုးဝါးနေပြီး စစ်ကောင်စီဘက်ကလည်း အိုးဘိုထောင်တွင်း သတင်းတွေကို ဖုံးကွယ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ တရားမမျှတတဲ့၊ ပွင့်လင်းမြင်သာမှု မရှိတဲ့ တရားစီရင်ရေးစနစ်ကို ပူးပေါင်းဆောင်ရွက်တော့မှာ မဟုတ်ဘဲ ဩဂုတ် ၁ ရက်က စတင်ပြီး တရားစီရင်ရေးစနစ်ကို သပိတ်မှောက်ကာ တရားမျှတမှု ရရှိရေးအတွက် တဆင့်ပြီးတဆင့် ဆက်လက်ဆောင်ရွက်သွား မယ်လို့ အိုးဘိုထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသူ/သားတွေက ဇူလိုင် ၂၉ ရက်မှာ စာထုတ် ထားပါတယ်။
ထုတ်ပြန်ချက်အတိုင်း ဩဂုတ်လပထမပတ်အတွင်း အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အများပြည်သူအနေနဲ့ ထောင်တွင်း တိုက်ပွဲတွေအပေါ် အာရုံစိုက်ကြဖို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။