မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပေါက်ပင်ကိုင်းကျေးရွာကို စစ်ကောင်စီတပ်တွေက သြဂုတ် ၁၁ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၄၃ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ သြဂုတ် ၁၁ ရက် မနက် ၁ နာရီလောက်မှာ စစ်ကြောင်းထိုးလာပြီး မနက် ၆ နာရီကနေ ၁၀ နာရီလောက်အထိ ပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာလို့ ပေါက်ပင်ကိုင်းရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
“မီးရှို့တဲ့အထဲမှာ ပေါက်ပင်ကိုင်းမှာ အိမ်ထောင်ကျတဲ့ ဦးရဲနိုင်ဆိုတဲ့ပျူလည်းပါပြီး သူ့သားမက် ပျူလည်းပါတယ်။ အဲဒီလိုမီးရှို့ဖျက်ဆီးပြီးတော့ ပေါက်ပင်ကိုင်းရွာက ရပ်မိရပ်ဖတစ်ယောက်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မင်းတို့ဘာတတ်နိုင်သေးလဲလို့ ပြောကြားခဲ့ပြီး ဖုန်းချသွားတယ်။ စစ်(...)၊ပျူ(...)တွေဝင်လာတော့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးလာရပြီး ဆောနယ်က ဘင်းဂံဘက်က PPDF စခန်းကို မီးရှို့နေတဲ့အချိန်မှာပဲ ဒေသခံတွေက အကုန်ရှောင်လိုက်ကြတော့တာ။”
မီးရှို့ခံထားရတဲ့ အလောင်းတလောင်းကတော့ ဘင်းဂံက PPDF ကိုမောင်ဝမ်းရဲ့ အလောင်းလို့ သိရပြီး ပြည်သူ ၅ ယောက်ကိုလည်း စစ်တပ်က ဖမ်းဆီးရိုက်နှက်ပြီး စစ်ကြောင်းပြန်ဆုတ်တဲ့ အချိန်မှပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ဘေးရှောင်ပြည်တွေကို မြိုင်မြို့နယ် တောင်ပိုင်းဇုန် PDFက ကာကွယ်ရေးအတွက် အသုံးပြုနေတဲ့ကားတွေ၊ ထော်လာဂျီတွေ ၊ သုံးဘီးတွေ ၊ နွားလှည်းတွေနဲ့ ကယ်ထုတ်ပေးခဲ့ပြီး နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးအတွက်လည်း ဆေးဝါးကုသမှုတွေ စီစဥ်ပေးထားတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအတွက် မဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီးနေထိုင်စား သောက်ရေးတွေ ကူညီပေးနိုင်ပေမဲ့ လတ်လော နေအိမ်တွေမီးရှိုခံရတဲ့ မီးဘေးသင့်ပြည်သူတွေကိုတော့ ပ.က.ဖ အနေနဲ့ ကူညီမပေးနိုင်သေးဘူးလို့ မြိုင်မြိုနယ် တောင်ပိုင်းဇုန် ပ.က.ဖ တာဝန်ခံကပြောပါတယ်။
မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ အဝတ်အထည်၊ စားနပ်ရိက္ခာ၊၊ ဆေးဝါး နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးအပေါ် အကူအညီလိုအပ်နေလို့ မိဘပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေတဆင့် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။