ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ သြဂုတ် ၁၀ ရက်က စစ်ကောင်စီတပ်က လူငယ် နှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး တယောက်ကိုတော့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗန်းမော်အထွက် ၃ မိုင် ရွှေပြည်သာရပ်ကွက်မှာ မနေ့ညနေ ၄ နာရီလောက်က ဗန်းမော်ဘက်မှ ကားနဲ့စီးလာတဲ့ လူငယ်နှစ်ယောက်ကို စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် အိမ်တအိမ်ထဲကို ဝင်ပြေးသွားရာမှာ လူငယ်တယောက် ပွဲချင်းပြီးသေဆုံးခဲ့ရကာ နောက်တယောက်ကတော့ ဒဏ်ရာနဲ့ ဆေးရုံကိုပို့ဆောင်စဥ် ထပ်မံသေဆုံးသွားတာလို့ သိရပါတယ်။
လမ်းသွားလမ်းလာ ဒေသခံတစ်ဦးက “စစ်သားတွေနဲ့ ရဲတွေက ကားလေးစီးလောက်နဲ့ ၀ိုင်းပစ်ခတ်ကြတာ သေနတ်သံတွေ ဆူညံနေတာပဲ။ လူတွေလည်း သွားလာနေတာပဲ။ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ၀င်ပြေးတဲ့လူငယ်ကို ပစ်သတ်တာ။ အလောင်းက အကြာကြီးထားပြီးမှ စစ်သားတွေ သယ်သွားကြတာ။ ကားထဲကလူငယ်လည်း သွေးတွေနဲ့ လူးလှိမ့်နေတာ။ ဘယ်သူမှ မကပ်ရဲကြဘူးလေ။ ကျနော်တို့ ရှေ့တင်ဖြစ်သွားတာ”လို့ ပြောပါတယ်။
မြို့ထဲရှိ ညောင်ပင်ရပ် ရပ်ကွက်မှာလည်း လူငယ်တယောက်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီး မနေ့ နေ့လယ်က ဖြစ်ခဲ့တဲ့ စုပေါင်းရုံးဗုံးကွဲမှုဖြစ်စဉ်မှာ ပါ၀င်ပတ်သက်သူလို့ စွပ်စွဲ ထားပါတယ်။
မနေ့ နေ့လယ်က ဗန်းမော်မြို့ရှိ ဌာနဆိုင်ရာ စုပေါင်းရုံးဗုံးကွဲမှုမှာ မြေစာရင်းရုံး ၀န်ထမ်းတဦး၊ ပေါက်ကုန်းရဲဂတ်သစ်ဘက်ပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင် တဦး၊ အင်း၀ဘဏ်အနီးက လက်လုပ်ဗုံးနဲ့ ပစ်ခတ်မှုမှာ မီးသတ်ရုံးဝန်ထမ်းတဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေမဲ့ ထိခိုက်ဒဏ်ရာသူ အတိအကျကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။