ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဩဂုတ်လအတွင်း ဆိုင်ကယ်ခိုးခံရမှုတွေ များပြားလာပြီး ဩဂုတ် ၁၀ ရက်မှာ ဆိုင်ကယ်ခိုးခံရမှု ၂ နေရာမှာ တွေ့ကြုံရတယ်လို့ မြစ်ကြီးနားမြို့ခံတွေထံက သိရပါတယ်။
မြစ်ကြီးနားမြို့တွင်း ယုဇနရပ်ကွက်မှာ ဆိုင်ကယ်တစ်စီးနဲ့ အေးစေတီရပ်ကွက်မှာ ဆိုင်ကယ် နှစ်စီး တရက်တည်းမှာ ခိုးခံရပြီး မီးပျက်နေချိန်မှာခိုးယူခံရတာလို့ မြို့ခံတဦးက ပြောပါတယ်။
မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်နေ ဆိုင်ကယ် နှစ်စီး ခိုးခံရသူက “ဒီမနက် ၄ နာရီ၀န်းကျင် နိုးတဲ့အချိန်ထိ ဆိုင်ကယ်က ရှိသေးတယ်။ မနက် ၆ နာရီ အိပ်ရာနိုးလာချိန်မှာတော့ ဆိုင်ကယ်တွေ မရှိတော့ဘူး။ ပိုက်ဆံ ငါးသောင်းလောက်နဲ့ ဆိုင်ကယ်125 တစီး၊ ဆိုင်ကလုန်း တစီး ခိုးခံရတယ်” လို့ ပြောပါတယ်။
မြစ်ကြီးနားမှာ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း ဆိုင်ကယ်ခိုးခံရမှု၊ လုယက်ခံရမှုတွေ မကြာခဏ တွေ့ကြုံရပြီး ဩဂုတ် ၉ ရက်မှာ ဓားနဲ့ထောက်ကာ ဖုန်းလုသူ နှစ်ယောက်ကို ဒေသခံပြည်သူတွေ ဝိုင်း၀န်းဖမ်းဆီးနိုင်ခဲ့ပါတယ်။
မြစ်ကြီးနားမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ မီးကြိုးဖြတ်ခိုးခံရမှု၊ ဆိုင်ကယ်ခိုးခံရမှု၊ ဖုန်းလုခံရမှုနဲ့ လုယက်သတ်ဖြတ်ခံရမှုတွေ မကြာခဏကြုံရသလို ဇူလိုင်နဲ့ ဩဂုတ်လအတွင်း မူးယစ်ဆေးဝါးကြောင့် သေဆုံးသူ ၆ ယောက်လောက် ရှိသွားပြီဖြစ်ပါတယ်။