Home
မြန်မာသတင်း
ရေလယ်ကျွန်းဒေသ ငတယော်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
August 10, 2022
298715383_183598580793233_3068873922441652239_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတယော် (ငတမျှော်) ရွာကို ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပေါင်းပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငတယော်ကျေးရွာ ဒေသခံတယောက်က “ရေလယ်ကျွန်းဒေသ မင်းရွာမှာ တပ်ဆွဲထားတဲ့ စစ်(…)၊ ပျူ(…)တွေဟာ ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ကျနော်တို့ ငတယော်ရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး မွန်းလွဲ ၁ နာရီကျော်လောက်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဟာ မင်းရွာမှာ တပ်ဆွဲထားတာ ၁၅ ရက်လောက်ရှိပြီး ဒီနေ့မှာ အင်အား ၁၀၀ လောက်နဲ့ ငတယော်ရွာကို စစ်ကြောင်းထိုးလာတာတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့လည်း ဘေးလွတ်ရာကို ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာခဲ့ရလို့ အဝေးကပဲ မီးခိုးလုံးတွေ လှမ်းမြင်ရတယ်။ အိမ်ခြေ ၄၉၀ ကျော်ရှိတဲ့အထဲက နေအိမ် ဘယ်နှလုံး မီးလောင်တယ် ဆိုတာကိုတော့ မသိရသေးဘူး။ အရင်တခေါက် မေလ ၁၂ ရက်နေ့မှာ စစ်(…)တွေ ဝင်ရောက်မီးရှို့ခဲ့လို့ ပြည်သူတွေရဲ့ နေအိမ် ၉ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်။”

အဲဒီ စစ်ကောင်စီတပ်ဟာ တပ်ဆွဲပြီး စစ်ကြောင်းထိုးနေလို့ နေရင်း၊ မင်းရွာ၊ ပေါက်အူ၊ ပေါက်တောနဲ့ ငတယော်ကျေးရွာက ဒေသခံပြည်သူ ၅,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန်လ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024