သာကေတမြို့နယ် ၁ဝ တောင်ရပ်ကွက်၊ ဧရာဝဏ်လမ်းမ၊ ၁ဝ၈ တောင်ဘုရားအနီးရှိ ဆုထူးပန်ဘုန်းကြီးကျောင်းဘေးမှာ ဒီနေ့ နေ့လယ် ၁ နာရီလောက် ရဲတပ်ကြပ်ကြီးတဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရဲတပ်ကြပ်ကြီးအား အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူက ဘယ်သူ့ကို စောင့်နေလဲတော့ မသိဘူး၊ ဆိုင်ကယ်တစီးနဲ့ လာပစ်သွားတာ၊ သေနတ်နဲ့သုံးချက် ဆက်တိုက်ပစ်တာ၊ စစ်တပ်က လူနာတင်ယာဥ်နဲ့လာသယ်သွားတယ်။"
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲတီးဝိုင်းမှ ရဲတပ်ကြပ်ကြီး ရန်နိုင်အောင်ဖြစ်ပြီး သေနတ်ဒဏ်ရာသုံးချက်ရရှိကာ ဆေးကုသမှုခံယူနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူက အားတဲ့ရက်တွေ ကယ်ရီဆွဲတာ၊ ၁ဝ၈ တောင်ဘုရားနားတဝိုက်ရယ်၊ ကမာကြည် တံတားအဆင်းနားတဝိုက် ကယ်ရီဆွဲတာလည်း ကြာပြီ၊ သူ လူစောင့်နေတဲ့အချိန် ပစ်သွားတာ။ အခြေအနေကတော့ မကောင်းဘူး၊ စိုးရိမ်ရတယ်။ မျက်လုံးရော၊ ပါးရော၊ ကျည်ဖောက်ဝင် ဒဏ်ရာရတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနော်က သာကေတ အဝိုင်းကြီးဘက်မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို စစ်ဆေးနေတဲ့အပြင် ဖုန်းတွေကိုလည်း စစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်း မြို့နယ်အချို့မှာ သြဂုတ် ၁ ရက်မှ ၇ ရက်အတွင်း အုပ်ချုပ်ရေးအဖွဲ့တွေ လုပ်ကြံပစ်ခတ်ခံရလို့ ၇ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။