ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ငွေတောင်အခြေစိုက် ခမရ (၁၀၂) တပ်ကနေပြီး လက်နက်ကြီးတွေနဲ့ ယမ်းသမ်းပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေမှာ ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီးမော့ဆိုမြု့နယ် ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီကျော်မှာ ထီဖိုးကလိုးကျေးရွာကို လက်နက်ကြီး ၈ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အဆောက်အဦနဲ့ ဒေသခံတွေ ထိခိုက်မှုတွေ ရှိခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်
ငွေတောင် (၁၀၂) တပ်ကနေ လက်နက်ကြီးတွေနဲ့ မနေ့က တနေကုန်လုံး ယမ်းသမ်းပစ်ခတ်ခဲ့ပြီး အဲဒီကျေးရွာမှာ ၈ လုံး ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။
စစ်ကောင်စီအခြေစိုက်တပ်စခန်းကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆိုအရှေ့ခြမ်းကို မကြာခဏ လက်နက်ကြီးပစ်ခတ်နေတာကြောင့် ဒေသခံစစ်ရှောင်ပြည်သူတွေဟာ စိုးရိမ်ထိတ်လန့် နေကြရပါတယ်။
မနေ့ကလည်း လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ လွိုင်လင်လေးမြို့နယ် ဒေါပါပကျေးရွာထဲ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ၃ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေါပါပကျေးရွာရှိ ဆေးပးခန်းနဲ့ လူနေအိမ်တလုံး ပျက်စီးခဲ့ရသလို ပြည်သူ ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် လွိုင်ကော်မြို့အခြေစိုက် (၂၅၀) အမြောက်တပ်ကလည်း လက်နက်ကြီးတွေ အမြောက်အမြားနဲ့ အဆိုပါကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွဘ်ရေးတပ် KNDF က သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၃၁ ရက်နေ့ကလည်း ဒီးမော့ဆိုမြိုနယ်အနောက်ခြမ်းက စစ်ရှောင်တနေရာမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတဦး သေဆုံးပြီး မိသားစုဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့က ဒဏ်ရာရခဲ့တဲ့ ဖခင်ဟာလည်း နောက် ၂ ရက်မှာပဲ ထပ်မံ သေဆုံးခဲ့ရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တာဝေးပစ်အမြောက်တွေနဲ့ တိုက်ခိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ စတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။