တူမောင်ရေ၊ ဦးကြီး သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ ခေတ်ကာလ အခြေအနေတွေက ပြောင်းလဲလာတော့၊ တူမောင်အနေနဲ့ အဆင်သင့် ပြင်ဆင်ထားဖို့ကို ဦးကြီးမှာချင်လို့ပါ။
အခု တို့တိုင်းပြည်က အရင်ခေတ်ကို တဖြည်းဖြည်း ပြန်သွားနေတာကို သတိမူရဲ့လား၊ တို့ ငယ်ငယ်ကဆိုရင် ကားတွေ၊ ဆိုင်ကယ်တွေ မရှိဘူးလေ။ အရပ်ထဲမှာ စက်ဘီးစီးနိုင်သူက အများအထင်ကြီးရတဲ့ သူဌေးပဲ။ ကားကတော့ နေဝင်းကြီးတို့ အမျိုးအဆွေတွေပဲ စီးနိုင်တာလေ။ အခု အဲဒီအချိန်ကို ပြန်ရောက်တော့မှာကို မြင်လား။ အခု မင်းတို့ ဓာတ်ဆီ မဝယ်နိုင်တော့ဘူးမလား။ ဘယ်သူဌေးမှ ကားကို ဆီဝယ်မထည့်နိုင်တော့တဲ့ အခြေအနေကို မုချရောက်တော့မှာဆိုတော့ စက်ဘီးတစီးလောက် ဈေးမတက်ခင် အရင်ဝယ်ထားကွ။
နောက် တို့အရင်ခေတ်က သမဝါယမဆိုတဲ့ အဖွဲ့အစည်းတခု ရှိတယ်။ အဲဒီမှာ ဆန်၊ ဆီ၊ နို့ဆီ၊ ဆပ်ပြာ၊ ရေနံဆီတွေကို တန်းစီထုတ်ရတယ်။ အိမ်ထောင်စုတွေကို (သ/မ) စာအုပ်လေးတွေ ထုတ်ပေးထားတယ်ပေါ့။ အဲဒီစာအုပ်လေးတွေနဲ့ တန်းစီရတယ်။ ဘယ်နေ့ကို ဘာထုတ်ပေးမယ် ဆိုတာတွေကို အဲဒီသမဝါယမဆိုင်မှာ ကြိုပြီးကြေညာတတ်တယ်။ အဲဒီခေတ်တုန်းကလည်း လူတန်းစားအသစ်နှစ်ရပ် ပေါ်ဖူးတယ်။
တရပ်က (သ/မ) ဆိုင်က ထုတ်တာလေးတွေကို တန်းစီပြီး ထုတ်ရောင်းစားတဲ့ လူတန်းစားနဲ့ (သမ) လူကြီး အသိုင်းအဝန်းပေါ့။
အဲဒီမှာ တန်းစီပြီး ကိုတာလေးထုတ်ကာ ဈေးထဲကဆိုင်တွေမှာ ရောင်းစားရတဲ့ လူတန်းစား တရပ်က ရပ်ကွက်တွေထဲမှာ (သ/မ) စာအုပ်တွေ လိုက်ဝယ်ရ၊ ငှားရ၊ ကော်မရှင်တို့ အခကြေးငွေတို့ ပေးပြီး ခဏယူထုတ်ရနဲ့ လုပ်ရတာပေါ့။ (သ/မ) ဆိုင်ကပေးတဲ့ ဆန်တို့ ဘာတို့ ဆိုတာကလည်း ရေမြုပ်ဆန်၊ မီးလောင်ဆန်၊ အရောင်ကိုက ဝါကျင့်ကျင့်။ ဒါတင်ဘယ်ကမလဲ၊ အောက်သိုးသိုးက နံသေးတယ်ကွဲ့။ လူတိုင်းမစားနိုင်ကြဘူးလေ။ ဆင်းရဲတွင်းထဲက အများစုကတော့ စားကြရပါတယ်။ ဒါပေမဲ့ ဆန်က မုန့်ဟင်းခါးဖတ်လုပ်ဖို့တောင် အဆင်မပြေတော့ ထုတ်တဲ့သူကိုပဲ ပေးထုတ်ခိုင်းပြီး သူတို့ပေးတဲ့ ငွေစလေးအနည်းငယ်ကိုပဲ ယူလိုက်ကြရတာပေါ့။
ဒါပေမဲ့ အဲဒီလူတွေလည်း အမြဲအဆင်ပြေနေကတာတော့ မဟုတ်ဘူး။ ရဲနဲ့ (သ/မ) လူကြီးက ညစ်တာ၊ ဘာစီမံချက် ညာစီမံချက်ဆိုပြီး ဖမ်းတာ ဆီးတာတွေလည်း မကြာခဏ လုပ်တတ်သေးတာ။ တခါတလေ သူတို့ပြန်ရောင်းတဲ့ ဆိုင်တွေကိုပါ ဖမ်းတာဆီးတာတွေအထိ လုပ်တတ်တော့ ဆိုင်တွေကလည်း ထုတ်ဆန်တို့၊ ဆပ်ပြာ၊ နို့ဆီတို့ကို သိပ်မဝယ်ချင်ဘူး။ ဝယ်တော့လည်း ဈေးနှိမ်ခံရတာပေါ့။ အဲဒီလိုနဲ့ပဲ သူတို့လည်း နေဝင်း(မဆလ)ခေတ်မှာ စားဝတ်နေရေးအတွက် လုပ်ရင်း အများစုကတော့ အခု သေကုန်ကြပါပြီ။
ပြောဖို့ကျန်သေးတာက အဲဒီတုန်းက ငါတို့အများစု (သမ) ဆိုင်က ထုတ်လို့ရတဲ့ ဆပ်ပြာက ဆင်ချေးတုံးဆပ်ပြာဆိုတာ ကြားဖူးလား။ အခြေခံလူတန်းစားတွေ အားလုံးက အဲဒီဆပ်ပြာကိုပဲ သုံးရတာ။ အများစုက အဝတ်လျှော်ဖို့လေ။ တချို့ ဆင်းရဲတဲ့ မိသားစုတွေကတော့ ရေချိုးရင်လည်း အဲဒီဆပ်ပြာကိုပဲ သုံးကြရတာ။ ဆပ်ပြာက မည်းမည်းကြီးလေ။ ရွှေဝါဆပ်ပြာလည်း ထုတ်ပေးတယ်။ နောက်တော့ အဆင့်မြင့်လာတယ်။ ကာဘော်လစ်ဆပ်ပြာတွေ ပေါ်လာတော့။ အဲဒါတွေအားလုံးက ဒီအတိုင်း အလွတ်ဝယ်လို့ မရဘူးနော် တန်းစီရတာ။
အဲဒီမှာ ပြောချင်တာက (သမ) ဆိုင်က မမကြီးတွေ၊ အန်တီကြီးတွေ အကြောင်းကလည်း မပါမဖြစ်ပဲ။ တနေကုန် ဝတ္ထုစာအုပ် ထိုင်ဖတ်ရင်ဖတ်၊ မဖတ်ရင်လည်း အမြဲလိုလို ငိုက်နေကြတာ။ ဘယ်သူမှ သူတို့ကို မှန်ဗီရိုထဲမှာ ထည့်ထားတဲ့ ဘာမီတွန်၊ ပရုတ်ဆီ၊ တေဇောဘန်း၊ ဘားပလက်၊ တွာဖက်ဆာလ်ဖာ (အဲဒီခေတ်တုန်းက ပဋိဇီဝဆေး) တွေ၊ အဲဒါတွေနဲ့ ဝယ်ချင်လို့ဆိုပြီး သွားမမေးရဘူး။ အဲဒီခေတ်တုန်းကလူတွေ အကုန်သိတယ်။ အဲဒါတွေက လူတိုင်းကို ရောင်းဖို့မဟုတ်ဘူး။ နောက် တန်းတွေမှာချိတ်ထားတဲ့ အဖြူအစိမ်း ကျောင်းဝတ်စုံလေးတွေ၊ ဂိုက်ထိုး ချည်ထည်လေးတွေလည်း တချို့ရှိတယ်။ အဲဒါလေးတွေကလည်း ပြသထားရုံသက်သက်ပဲ။ သွားမေးလိုက်လည်း မျက်ထောင့်နီကြီးနဲ့ အကြည့်ခံရမယ်၊ မျက်စောင်းထိုးခံရမယ်၊ ဒီထက်ဆိုးရင် အော်ငေါက် မောင်းထုတ်မယ်။ အဲဒါတွေလုပ်ဖို့အတွက် အဆင်သင့် သူတို့မျက်နှာတွေက အစွမ်းကုန် တင်းထားကြတာ။ ဒါပေမဲ့ အဲဒီခေတ်တုန်းက လူတွေကလည်း အကုန်သိပါတယ်။ (သမ)ဆိုင်ရောက်ရင် ဆောင်ရန် ရှောင်ရန်တွေကို အဲဒီတုန်းက ဝန်ထမ်းလောကမှာ (သမ)ဝန်ထမ်းတွေက အရပ်ထဲမှာတော့ မျက်နှာအပွင့်ဆုံးပဲ၊ အလှူတို့၊ မင်္ဂလာဆောင်တို့ဆိုရင် အိမ်ဦးခန်းမှာ နေရာပေးရတာ။ လစာကတော့ ဘယ်လောက်မှ မရကြပါဘူး၊ ဒါပေမဲ့ သူတို့က အရမ်းအဆင်ပြေကြတာ။
ပြောချင်တာက အခုလည်း ဒီခေတ်ကို ပြန်ရောက်မလာဘူးလို့ ပြောလို့မရဘူး။ (သ/မ) ဌာနကြီးကလည်း ရှိနေသေးတာ။
ဘာလို့ အဲဒီခေတ်ကို ပြန်ရောက်လာနိုင်တယ်လို့ ပြောလို့ရသလဲ ဆိုရင်- အခုပဲ ကြည့်ကွာ၊ ဓာတ်ဆီတွေကို ဝယ်ချင်တိုင်း ဝယ်မရတော့ဘူး၊ ဒေါ်လာတွေ ကိုင်ထားလို့ မရတော့ဘူး၊ ကုန်တိုက်တွေ တဖြည်းဖြည်းနဲ့ ပိတ်လာပြီ၊ ဘဏ်တွေ ဒေဝါလီခံတော့မယ်။ အခု (deli) ကုန်ပစ္စည်းပို့တဲ့ ကားဂိတ်တွေ မပို့နိုင်တော့ဘူး၊ နောက် မကြာဘူး လိုင်းကားတွေ၊ ရထားတွေပါ မထွက်နိုင်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ အဲဒီတော့ အဓိကက စက်ဘီးတစီး ဝယ်ထားပါ။ နွားနဲ့ လှည်း မဖြစ်မနေ ဝယ်ထားပါလို့ ထပ်မှာချင်တယ်။
အခုလည်း တောင်သူတွေရဲ့ ကောက်ပဲသီးနှံတောင် နိုင်ငံခြားက ဝယ်မယ့်သူရဲ့ ဒေါ်လာကြိုတောင်းရမတဲ့။ နိုင်ငံခြားကုန်သည်က သောက်ရူးမှမဟုတ်တာ။ ကောက်ပဲသီးနှံ အရည်အသွေး မကြည့်ရဘဲနဲ့ ဘယ်သူက ငွေချပေးမလဲ၊ စဥ်းစားကြည့်လေကွယ်။
အဲဒီတော့ နိုင်ငံခြားကလာတဲ့ ကုန်ပစ္စည်းတွေ အားလုံးကို ဒေါ်လာရှိတဲ့ (စကစ) ကပဲ ဝယ်နိုင်တော့မယ်၊ သွင်းနိုင်တော့မယ်၊ သူတို့ဆီကနေ နည်းအမျိုးမျိုးနဲ့ ပြည်သူထံကို စီးဆင်းတော့မှာ။ သူတို့ဆီကနေပဲ တဆင့်ပြန်ပြီး ဝယ်ရတော့မှာ။ အဲဒီတော့ သူတို့ကလည်း ကယ်တင်ရှင်ကြီးလုပ်ပြီး ပြည်သူတွေကို သနားသဖြင့် ထုတ်ပေးတာတွေ ဘာတွေ လေလည်ပြတော့မှာ။ အလကားတော့ ဘယ်ထုတ်ပေးလိုက်မလဲ။ နှစ်ဆင့်မြတ်နဲ့ ရောင်းမှာပေါ့။
တဆင့်က သူတို့ စကစ၊ နောက်အဆင့်က သူတို့ ပလဲပနံသင့်တဲ့သူ၊ ဒါမှမဟုတ် ဆွေနီးမျိုးစပ်တွေအတွက် ချန်ယူပြီး ပြည်သူလက်ထဲရောက်တော့ အဆမတန်ဈေးမြင့် မဝယ်လည်း ငတ်၊ ငတ်တော့ ရာဇဝတ်မှုတွေထူ၊ သူတလူ ငါတမင်း ဥပဒေတွေနဲ့ ထောင်ချ၊ သတ်၊ ခေတ်ဟောင်းကျွန်စနစ်ကို ပြန်အသက်သွင်းနေတာ တူမောင်ရေ့။
သူတို့ပစ္စည်းတွေ ရောင်းဖို့၊ center တွေ လုပ်တော့မှာပေါ့။ အဲဒါ (သမ)ဆိုင်လိုဟာမျိုးတွေကို အမည်ပြောင်းချင် ပြောင်းမှာပေါ့ကွာ။ နောက်တခုက အဆိုးထဲ အကောင်းလို့ ပြောရမလား မသိဘူးဟ၊ ပိုးသတ်ဆေးတွေ၊ ဓာတ်မြေဩဇာတွေ၊ နိုင်ငံခြားက ဝယ်လို့မရတော့ဘူး။ စက်မောင်းဖို့ ဆီလည်း နောက်ဆို ဝယ်လို့မရနိုင်တော့ဘူး။ အဲဒါဆိုရင် ငါတို့ နွားလိုပြီနော်၊ နွားချေးလည်းလိုပြီ၊ (အခုခေတ်စကားနဲ့ပြောရရင် - Organic) ပေါ့ကွာ။ ဒီတော့ နွားနဲ့ လယ်ထွန်၊ သဘာဝမြေဩဇာ နွားချေးသုံးပေါ့၊ ပိုးသတ်ဆေးက ဆေးရွက်ကြီးတို့၊ နနွင်းမှုန့်တို့ သုံးကြည့်ပေါ့ကွာ။ ကိုယ်စားဖို့တော့ ရမှာပေါ့ ဟား ဟား။
တို့တတွေ အရင်ငယ်ငယ်တုန်းက ခရီးသွားရင် နွားလှည်းနဲ့ပဲ။ အခုလည်း တူမောင်တို့ နွားလှည်းစီးခွင့်လည်း ကြုံရဦးမှာ။
နောက်ပြီး လူတန်းစားနှစ်ရပ် ပေါ်အုံးမှာ၊ အခုလည်း တဖြည်းဖြည်း ပေါ်လာနေပါပြီ။ စစ်တပ်နဲ့ နီးစပ်တဲ့ အခွင့်ထူးခံနဲ့ ဆန့်ကျင်ဘက်လူတန်းစား၊ တချို့ ကြားနေဆိုပြီး အတင်းကြော်ငြာနေတဲ့ လူအနည်းငယ်လည်း ရှိသေးတယ်။ တကယ်က သူတို့က ကြားနေအစစ် မဟုတ်ကြဘူး၊ သူများထက် ပိုကြောက်နေတဲ့ လူတန်းစားပါ။ ကြားနေဆိုရင် ခံသာမယ်ထင်လို့ ဟန်ဆောင်နေကြတာလေ။ လူလိုစဉ်းစားတတ်ရင် အသိသာကြီးပါ။ လက်နက်နဲ့ အနိုင်ကျင့်နေတာ (အားကြီးသူက အနိုင်ယူနေတာ) တောတွင်း (တောရိုင်းဥပဒေ) ဆိုတာ စဉ်းစားတတ်တဲ့လူတိုင်း သိပါတယ် ငါ့တူရယ်။
ဒီတော့ အမှန်က လူတန်းစားကြီးက ၂ ရပ်ပဲ ကျန်တော့မှာပါ။ စစ်တပ်နဲ့ပတ်သက်ရာ ဘူဇွာတွေက တရပ်၊ အဖိနှိပ်ခံ နင်းပြားက တရပ်ပေါ့။
နောက်တခုက လျှပ်စစ်မီးကိစ္စပဲ။ တို့အရင်တုန်းကတော့ (သမ)ဆိုင်တွေက ရေနံဆီထုတ်ပေးတော့ ပြဿနာမရှိဘူး။ အခုက ရေနံဆီက မရှိတော့ဘူးဆိုတော့ မင်းတို့ ဘာနဲ့မီးထွန်းကြမလဲ။ အဲဒီကိစ္စအတွက်တော့ ငါလည်း စိုးရိမ်နေတာ။ ရာသီဥတုက အရမ်းပူတော့ Aircon တွေ၊ ပန်ကာတွေ မရနိုင်တော့ ခက်ပြီပေါ့။
အခုဆိုရင် အညာမှာ ရွာတွေ မီးတိုက်လို့ လူတွေအားလုံး မွဲကုန်ပြီ။ စကစ နယ်မြေမှာလည်း အညာက နိုင်ငံသားကတ်ကိုင်သူတွေ အလုပ်ထုတ်ခံရနဲ့ ကမ္ဘာပျက်သလို ဖြစ်နေတာ ကမ္ဘာကြီးက ထိုင်ကြည့်။ စိုးရိမ်၊ ကြေညာချက်တွေ ထုတ်နေတုန်းပဲလေ။
ဒီအတိုင်း သွားကြမယ်ဆိုရင်တော့ အဲဒီလို အနိုင်ကျင့်တာတွေ၊ ငတ်မှာတွေ၊ ဆင်းရဲတွင်း နက်မှာတွေကို လက်ခံနိုင်ဖို့ စဉ်းစားထားကြ။ ခေတ်ဟောင်းကို ပြန်သွားဖို့ အသင်ပြင်ထားကြ။ ဒါမှမဟုတ်ရင်တော့ နိုင်အောင်တိုက်ဖို့ပဲ စဉ်းစားကြတော့ ငါ့တူရေ။
ဦးကြီးတို့ခေတ်က မပြီးပြတ်ခဲ့တဲ့ (ညံ့တယ်ဆိုလည်း ဝန်ခံပါ့မယ်) စစ်ကျွန်အာဏာရှင် လွတ်မြောက်ရေးကို ငါ့တူတို့ အပြီးအပြတ် မြန်မာ့မြေက မောင်းထုတ်ပေးကြပါကွာ။
တရားသောစစ် မုချ အောင်ပါစေ၊ အောင်ရမည် (ပြည်သူ သန်း ၄၀) နိုင်ရမည်။
ငါ့တူရဲ့
ဘညို