ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့၊ ဆိုလားလူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့နဲ့ ဒေသခံ မဟာမိတ်တပ်ပေါင်းစုတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ယောက်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့က သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဖရူဆိုရဲစခန်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဩဂုတ် ၉ ရက် မနက် ၅ နာရီခွဲလောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့မှ စစ်ကောင်စီတပ်သား ၁၁ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သလို စစ်ကောင်စီဘက်မှ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် မဟာမိတ်ဘက်မှ ရဲဘော် ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူက “တိုက်ပွဲက မနက်အစောပိုင်း ကတည်းက စဖြစ်တာ။ ဖရူဆိုရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရှေ့ဆက်တိုးလာတာကြောင့် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ခုခံရင်း တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲက ငြိမ်သွားတယ်ဆိုတာ မရှိပါဘူး။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာ။ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေက စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာဘက်တွေကို ကျရောက်ပေါက်ကွဲတာတွေ ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေအတွင်း စနိုက်ပါကို အဓိကအားထား အသုံးပြုရကာ စနိုက်ပါ ကျည်ဆန်တတောင့်ကို ဈေးနှုန်း ၇ သောင်းခွဲဝန်းကျင်ရှိပြီး တိုက်ပွဲတပွဲမှာ အနည်းဆုံး ကျည်ဆန်အတောင့် ၂၀ အသုံးပြုရတယ်လို့ ဆိုပါတယ်။
လက်ရှိထုတ်ပြန်ထားတဲ့ စစ်ကောင်စီဘက်က သေဆုံးစာရင်းဟာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့က ပစ်ခတ်ရှင်းလင်းထားတဲ့ စာရင်းသာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ပြီး အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့အနေနဲ့ ဒေသခံ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်ကို ဆက်လက်ရင်ဆိုင် တိုက်ပွဲဝင်သွားမယ်လို့ ပြောထားပါတယ်။