ရှမ်းပြည်တောင်ပိုင်း တောင်ကြီး၊ ဟိုပုံး နဲ့ ဆီဆိုင် ၃ မြို့နယ်တွင်းရှိ ပုံးအင်းဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းတဲ့အတွက် လူနေအိမ်ခြေထဲရေဝင် နေသလို လယ်ဧကပေါင်း ရာကျော်လည်း ရေလွှမ်းနေပါတယ်။
ဩဂုတ် ၇ ရက်နေ့ကတည်းက မိုးသည်းထန်ပြီး မနေ့ကစ ရေမြင့်တက်လာကြောင်း၊ မနေ့ညကလည်း မိုးထပ်ရွာလို့ ဒီကနေ့မှာ ရေမကျတဲ့အပြင် နောက်ထပ် ၁ ပေလောက် တက်လာသေးတယ်လို့ တောင်ကြီးမြို့နယ် အသုံးတော်အုပ်စု ဟိုတတ်ကျေးရွာ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရွာထဲမှာ ရေဝင်လာတာ ၁ ပေကနေ ၃ ပေထိတက်တယ်။ တထပ်အိမ်ဆိုရင် နေလို့မရလို့ ဆွေမျိုးတွေဆီမှာ သွားနေရတယ်။ နှစ်ထပ်အိမ်ဆိုရင်တော့ အပေါ်ထပ်မှာတက်နေကြတယ်။ အစိုးရိမ်ရဆုံးက လယ်ထဲကစပါးခင်းတွေပါ၊ စပါးတွေမှည့်ပြီးရိတ်သိမ်းချိန်ရောက်နေပြီ။ ရေထဲ မှာ ကြာကြာနစ်နေရင် ပျက်စီးကုန်မှာပဲ။ ဒီပုန်းအင်းဒေသက ဆန်စပါးအဓိကစိုက်တော့လေ၊ ရေ လွှမ်းတဲ့ လယ်မြေတွေက ဧကပေါင်း ၁၀၀ ကျော်ရှိလိမ့်မယ်။”
တောင်ကြီးမြို့နယ် ဖောင်တော်ဆိုက်၊ အသုံးတော်၊ နားဟီး၊ ကက္ကူအုပ်စု၊ ဟိုပုံးမြို့နယ် ကုန်းကျိုင်းအုပ်စု နဲ့ ဆီဆိုင်မြို့နယ် ဘန်းယဉ်၊ ဆိုင်လဲ စတဲ့ ကျေးရွာတွေ ရေကြီးနေပြီး ခန့်မှန်းခြေ ရွာပေါင်း ၂၀ လောက်ရှိမယ်လို့ ဒေသခံက ပြောပါတယ်။
ပုံးအင်းဒေသမှာ နမ့်တဘက်ချောင်းရဲ့တဘက်တချက်မှာတည်ရှိပြီး မိုးတွင်းမှာ အင်းပြင်လို ရေပြည့်နေကာ နွေရာသီမှာတော့ ရေခန်းခြောက်သွားတာကြောင့် ရေထဲ ၆ လ၊ ကုန်းပေါ် ၆ လ နေရတဲ့ဒေသလို့ တင်စားခေါ်ဝေါ်ပါတယ်။
ရေထဲနေရတာ အဆန်းမဟုတ်ဘဲ ရေထဲကနေ စပါးရိတ်လေ့ရှိပြီး ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေလိုမဟုတ်ဘဲ ရေပိုမြင့်တက်လာလို့ စပါးပင်တွေ နစ်မြှုပ်ကုန်ကာ ပျက်စီးမယ့် အရေး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ရေကြီးတဲ့နေရာကို သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ကြည့်ရှုစစ်ဆေးသွားပြီး ဘယ်လိုကူညီထောက်ပံ့ပေးမလဲဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။