စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ် ၉ ရက် မနက် ၈ နာရီလောက်က ဝင်ရောက်မွှေနှောက်ပြီး စားနပ်ရိက္ခာတွေ သယ်ဆောင်သွားခဲ့တယ်လို့ ဝက်လက်မြို့နယ် အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကျားကြီးက ပြောပါတယ်။
အင်ဒေါင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး စားနပ်ရိက္ခာတွေကို တပ်စွဲထားတဲ့ ကြက်တူရွေးကျေးရွာကို သယ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့မနက် သူတို့ စက်လှေတစီးနဲ့ ဝင်မွှေနှောက်သွားပြီး ပြည်သူပိုင်စက်လှေအချို့ကိုလည်း ဆွဲသွားတယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
“ကျနော်တို့ဘက်က လှမ်းပစ်လိုက်တာ လှေနှစ်စီးကိုတော့ ပြန်ဖြုတ်ထားခဲ့တယ်၊ နှစ်စီးတော့ ပါသွားတယ်။” ပစ်ခတ်မှုဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကြက်တူရွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက အင်ဒေါင်းရွာကို ဝင်ရောက်လာပြီးနောက် နေအိမ်တွေထဲကို ဝင်ရောက်ရှာဖွေ မွှေနှောက်ခဲ့တာလို့ ဆိုပါတယ်။