ရန်ကုန်တိုင်းမှာ ခြောက်လအတွင်းမှာ မွေးကင်းစကလေးငယ် ထိုးနှံရမယ့် ကာကွယ်ဆေးတွေ ပြတ်လပ်နေတဲ့အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ကလေးမိခင်တွေက ပြောပါတယ်။
ကလေးငယ်တွေ မွေးစကနေ စတင်ထိုးနှံရတဲ့ တချို့သောကာကွယ်ဆေးဝါးတွေ ပြတ်လပ်နေပြီး သောက်ဆေးအမျိုးအစားတွေသာ တိုက်ကျွေးခဲ့ရတယ်လို့ ဆိုပါတယ်။
အင်းစိန်မြို့နယ်မှာနေထိုင်တဲ့ ကလေးမိခင်တဦးက “ကျမသမီးလေး လေးလပြည့်လို့ ဒေသန္တရ ဆေးခန်းမှာ ဆေးသွားထိုးတော့ တချို့ဆေးတွေ မရဘူး။ သောက်ဆေးတွေပဲ တိုက်လိုက်နိုင်တယ်။ ဆရာမတွေက ဖုန်းနံပတ်ပေးထားခဲ့ပါ၊ ဆေးရရင် ဖုန်းဆက်ပေးမယ် ပြောတယ်” လို့ ပြောပါတယ်။
မွေးစကနေ စတင်တိုက်ကျွေးရတဲ့ ကာကွယ်ဆေးတွေသာ တိုက်ကျွေးရပေမဲ့ ပိုလီယိုကာကွယ်ဆေး ထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ထိုးဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးတွေကတော့ ဆေးပြတ်လပ်နေပါတယ်။
အင်းစိန်မြို့နယ် ဒေသန္တရဆေးခန်းမှာ တာဝန်ကျနေတဲ့ ဆရာမတဦးက “ကျမတို့ဆီမှာ ကလေးငယ် ကာကွယ်ဆေးအတွက်ကတော့ အတော်များများရတယ်။ ထိုးဆေးတွေဖြစ်တဲ့ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်နဲ့ ငါးမျိုးစပ် ကာကွယ်ဆေးတွေကတော့ မရနိုင်သေးဘူး။ ဘယ်တော့ရမယ် ဆိုတာကတော့ အတိအကျ ပြောမရဘူး။ ကလေးမိခင်တွေဆီက ဖုန်းနံပါတ်တော့ ယူထားတယ်။ ရတဲ့အချိန် ဆေးထိုးပေးဖို့ ကျမတို့ ဖုန်းဆက်ပေးပါတယ်” လို့ ပြောပါတယ်။
မွေးကင်းစကလေးငယ်တွေမှာ ကာကွယ်ဆေးထိုးခွင့် မရတာဟာ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေပြီး ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်လာနိုင်ချေ ရှိနေတယ်လို့ UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။
UNICEF က ထုတ်ပြန်တဲ့ စာရင်းအရ ကာကွယ်ဆေးမထိုးရတဲ့ ကလေးအများဆုံးရှိ နိုင်ငံတွေထဲမှာ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ ဖိလစ်ပိုင်၊ မြန်မာနဲ့ မိုဇမ်ဘစ်နိုင်ငံတွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က ယိုယွင်းပျက်စီးလာနေပြီး စစ်တပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ လူသတ်၊ ဖမ်းဆီးမှုတွေကြောင့် ကျေးလက်နေ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးငယ်တွေ အတွက်လည်း ကာကွယ်ဆေး ထိုးပေးတဲ့ လုပ်ငန်းတွေ မဆောင်ရွက်နိုင်ဘဲ ရှိနေကြတာပါ။