စစ်ကိုင်းတိုင်း ၊ ဗန်းမောက်မြို့နယ်၊ မံစီကြီးရွာမှာ ဩဂုတ် ၈ ရက် ညနေ ၃ နာရီလောက်က ရှမ်းနီတပ်မတော် (SNA) က အမျိုးသား တယောက်ကို ပစ်ခတ်ဖမ်းဆီးသွားခဲ့ပါတယ်။
ဖမ်းဆီးခံရသူဟာ ကိုကျော်သက်ဖြစ်ပြီး သူ့ကို SNA တပ်ဖွဲ့ဝင်တွေက သေနတ်တွေပစ်ဖောက်ပြီး ခေါ်ဆောင်သွားတာဖြစ်ကာ ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာမသိရသေးပါဘူး။
ဗန်းမောက်မြို့နေ ပြည်သူတဦးက “ပစ်ခတ်ဖမ်းဆီးသွားတာ။ သူ့မိသားစုကလည်း ဘယ်ကိုဖမ်းသွားတယ်ဆိုတာ မသိတော့ စိတ်ပူနေတယ်။ SNA က အခုနောက်ပိုင်း ဗန်းမောက်မြို့နယ်မှာ လက်နက်အားကိုးနဲ့ အပြစ်မဲ့ပြည်သူတွေကို ခြိမ်းခြောက်နေတယ်။” လို့ ဆိုပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့အပတ်ကလည်း နားယကာကျေးရွာက ကဒူးလူမျိုး ကျင်းသားတဦးကိုလည်း ရိုက်နှက်ဖမ်းခေါ်သွားပြီး ငွေကျပ် သိန်း ၂၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ သိရပါတယ်။
အခုလို လူမဆန်စွာပစ်ခတ် ဖမ်းဆီးတာနဲ့ ပတ်သက်လို့ ဗန်းမောက် PDFနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး ဖမ်းဆီးခံပြည်သူအတွက် SNA က အပြည့်အဝ တာဝန်ခံရမယ်လို့ သတိပေးထားပါတယ်။