ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၁၀/တောင် ၁၁ ရပ်ကွက်မှာ ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သာကေတမြို့နယ် ၁၀ / တောင် ၁၁ ရပ်ကွက် အမက ၃၂ အနီး ရတနာလမ်းဘေးမှာ ဒီကနေ့ မနက်ရှစ်နာရီက ဗုံးပေါက်ကွဲခဲ့ရာ လမ်းသွားလမ်းလာအမျိုးသားတဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦး ဒီဗွီဘီကို ပြောပါတယ်။
"သူလမ်းလျှောက်လာတုန်း ဗုံးပေါက်တာ၊ ဒဏ်ရာတော့ရတယ် အရမ်းမများဘူး။ နောက်ထပ်ဗုံးတလုံးလည်း ကားမှတ်တိုင်မှာ တွေ့သေးတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ထပ်မံရှာဖွေခဲ့ရာ ရတနာလမ်းဆောက်လုပ်ရေးကားမှတ်တိုင်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးကိုတွေ့ပြီး ဖျက်ဆီးပစ်လိုက်တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
အလားတူ မနေ့ညကလည်း မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် (င) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၄ နှစ်ပြည့်ဖြစ်ပြီး ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်နိုင်တာကြောင့် စစ်ကောင်စီတပ်တွေဟာ ရန်ကုန်တိုင်း မြို့နယ်အချို့ရဲ့ လူစည်းကားရာနေရာတွေမှာ လုံခြုံရေးချထားတယ်လို့ ရန်ကုန်မြို့နေသူတွေက ပြောပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ ၃၄ နှစ်မြောက်အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက လုံခြုံရေးအထပ်ထပ်ချထားတဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ဆူးလေ လူကူးကုန်းတံတား၊ ဗိုလ်ချုပ်ဈေး၊ အင်းလျားကန်ဘောင်နဲ့ လှည်းတန်းနေရာအနှံ့အပြားမှာ '၈' လေးလုံး ရေးဆွဲထားတဲ့ ထီးတွေနဲ့ ရန်ကုန်လူထုသပိတ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။