ပဲခူးတိုင်း၊ ဘုရားကြီးမြို့အနီး ဩဂုတ် ၇ ရက် ဒီနေ့မနက်ပိုင်း ကားဘီးပေါက်လို့ လမ်းဘေးမှာ ရပ်ထားတဲ့ ၁၂ ဘီးတွဲကားကို ခရီးသည်တင်ယာဥ်က ဝင်တိုက်လို့ လေးယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဘုရားကြီးမြို့အနီးက မယင်းကျေးရွာနာားမှာ ဒီမနက် ၉ နာရီလောက်က ပဲခူးနဲ့ ဘုရားကြီးကို ပြေးဆွဲနေတဲ့ ခရီးတင်ယာဥ်က ကားဘီးပေါက်လို့ ရပ်ထားတဲ့ ၁၂ ဘီးတွဲကားကိုဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကို သွားရောက်ကူညီပေးခဲ့တဲ့ ဘုရားကြီးမြို့ပရဟိတလူငယ်အဖွဲ့မှ ကိုကတုံးက "ကျနော်တို့ရောက်တော့ တိုက်တဲ့ကားလည်း ပျက်စီးနေပြီ။ ခရီးသည်တွေထဲက လေးဦးသေတယ်။ ဆယ်ဦးဒဏ်ရာရတယ်"လို့ ပြောပါတယ်။
သေဆုံးသူလေးဦးမှာ အမျိုးသမီး ၂ ဦး၊ အမျိုးသားတစ်ဦးနဲ့ ကလေးတစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၀ ဦးထဲက ယာဥ်မောင်းနဲ့ ခရီးသည်တစ်ဦးက ဒဏ်ရာ စိုးရိမ်ရတယ်လို့ အဆိုပါပရဟိတအဖွဲ့ဆီက သိရပါတယ်။
လတ်တလောမှာ ယာဥ်တိုက်မှုနဲ့ပတ်သတ်ပြီး ယာဥ်အမှုစစ်အဖွဲ့က စစ်ဆေးနေပြီး ထိခိုက်ဒဏ်ရာရသူတွေကို မိသားစုနဲ့ဆက်သွယ်နိုင်ဖို့ ပရဟိတအဖွဲ့တွေက လုပ်ဆောင်နေပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ယာဥ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၈ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၆၆ ဦးရှိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။