ရန်ကုန်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးလင်မယားကို ဩဂုတ် ၆ ရက် ည ၈ နာရီခွဲလောက်က အမည်မသိသေနတ်ကိုင် ဆောင်ထားသူတွေက ပစ်ခတ်ခဲ့ရာ ဇနီးဖြစ်သူသေဆုံးပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညက အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူဟာ ရုံးမှ ပြန်လာပြီး နေအိမ်အပြင်ဘက်မှာ ခွေးတွေဟောင်နေလို့ ထွက်ကြည့်ရာ သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"သေနတ်သံ ခုနှစ်ချက်လောက်ရှိမယ်။ အသံတိတ်သေနတ် မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးက ပေါင်ကိုသေနတ်မှန်ပြီး လမ်းနာရေးထဲဝင်ပြေးတာ သူ့မိန်းမကသေတယ်။”
သေနတ်ပစ်ခတ်မှုကြောင့် အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်မောင်နိုင်မှာ ဒဏ်ရာရရှိခဲ့ပြီး ဇနီးဖြစ်သူဒေါ်သီသီအေးမှာ ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက အတည်ပြုပြော ပြောပါတယ်။
"အုပ်ကြီးက ပေါင်ကိုပဲမှန်တာ။ သူမိန်းမက နားထင်ကိုမှန်တာ ချက်ချင်းမသေဘူး။ ဆေးရုံပို့ဖို့ လုပ်နေတုန်းလမ်းမှာ ဆုံးသွားတာ။ ဆိုင်ကယ်နဲ့လူနှစ်ဦး လာပစ်တယ်လို့သိရတယ်။ အုပ်ကြီးကအခု အင်းစိန်ဆေးရုံမှာ။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်နဲ့ ရဲတွေဟာ အောင်ဆန်းရပ်ကွက် ဗုဒ္ဓသာသနာပြုလမ်းကျောင်းမှာ စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အင်းစိန်မြို့နယ်မှာ သြဂုတ်လ ၄ ရက်နေ့လည်း ပိန္နဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရွာသစ်လေး လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ရန်ကုန်ကမြို့နယ်တချို့မှာ သြဂုတ် ၁ ရက်မှ သြဂုတ် ၇ ရက်အတွင်း ပစ်ခတ်မှုဖြစ် ၆ ကြိမ်ဖြစ်ခဲ့ရာမှာ လူ ၆ ယောက်သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။