Home
မြန်မာသတင်း
နောင်ချိုတွင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ် MPDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
DVB
·
August 5, 2022
297717311_376902294590700_2387451508854756992_n

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရတနာသင်္ဂီရွာမှာ  မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MPDF ) နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ သြဂုတ် ၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်က ပြင်ဦးလွင်- မိုးကုတ်လမ်းပိုင်းဝန်းကျင် တလျှောက်မှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး နှစ်ဖက်ထိခိုက် ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

ဒေသခံတယောက်က "တိုက်ပွဲဖြစ်တာ မှန်တယ်။ ရွာသူရွာသားတွေလည်း တိမ်းရှောင်လို့မရဖြစ်နေတယ်။ စစ်တပ်က ပိတ်ထားတယ်။ ရှောင်ခဲ့ရင်လည်း ပြင်ဦးလွင်ဘက်ပဲ ရှောင်ဖို့များတယ်"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်ပိုင်းက နောင်ချိုနဲ့ ပြင်ဦးလွင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်မဌာနချုပ် အမှတ်- ၁၀၁ လက်အောက်ခံစစ်ကြောင်းနဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MPDF)တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ MPDF ကထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၂ ကနေ ၂၄ ထိ တစ်ကြိမ် ၂၈ ရက်နေ့မှာ တစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့တယ်လို့ MPDF က ထုတ်ပြန်ပါတယ်။၏

MPDFနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲအတွင်း MPDFရဲ့ သိုလှောင်ရုံနေရာတစ်ခုကို စစ်တပ်က သိမ်းဆည်းနိုင်ခဲ့ပြီး ဆန်အိတ်တချို့နဲ့ ခဲယမ်းတချို့ဆုံးရှုံးပျက်ဆီးခဲ့ပါတယ်။

"ဆန်အိတ်တွေနဲ့ ကျည်တောင့် တချို့တော့ စစ်တပ်က ရှာတွေ့လို့ ပါသွားတယ်။ အများကြီးတော့ မဟုတ်ပါဘူး" MPDFနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

နောင်ချိုမြို့နယ်အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)တို့ လှုပ်ရှားနေပြီး စစ်အာဏာသိမ်းပြီး နောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေလည်း အခြေချကာ စစ်ရေးလှုပ်ရှားလာပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကြောင့် နောင်ချိုမြို့မှာရှိတဲ့ မြို့မိမြို့ဖ၊ CDMဝန်ထမ်း၊ လုပ်ငန်းရှင်အပါအဝင်  ၁၄ ယောက်ကို  PDFနဲ့ ပတ်သက်တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး  အခုရက်ပိုင်းမှာ အမ္မဖမ်းဆီးခဲ့ပါတယ်။

မသင်္ကာတဲ့ ပြည်သူတွေကို ဆက်လက်ဖမ်းဆီးဖို့လည်း စစ်အုပ်စုက လူမှုကွန်ရက်မှာ ရေးသားဖြန့်ဝေတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024