မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ပေါ်လမ်းက စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ စုပေါင်းနေထိုင်တဲ့ ရဲရိပ်သာရုံးဟာ သြဂုတ် ၄ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီရဲရိပ်သာရုံးကို Federal Freedom UG အဖွဲ့က လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံ ပို့ဆောင်ထားပြီး ဘယ်နှဦး ထိခိုက်ဒဏ်ရာရလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
Federal Freedom UG အဖွဲ့ကတော့ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရှိခဲ့ပြီး သေဆုံးမှု ရှိ မရှိ မသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
ရဲရိပ်သာရုံး ဗုံးပစ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မော်လမြိုင်မြို့အဝင်အထွက် နေရာတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
Federal Freedom UG အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း မွန်ပြည်နယ် လွှတ်တော်ရုံး ရဲကင်းကို လက်ပစ်ဗုံးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ထားပါတယ်။