မိုးယံထိခမန်း ရေခဲတောင်တန်းကြီးတွေ မြောက်အရပ်ဘက်ဆီမှ ကာရံထားပြီး စိမ်းလန်းစိုပြည်တဲ့ ရိုးမကြီး ၃ ခု သွယ်တန်းဝိုင်းရံလို့ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်၊ ကစ္ဆပနဒီ၊ ဒုဋ္ဌဝတီ စတဲ့ မြစ်နဒီများစွာ နေခြည်အောက်မှာ ရွှေရောင်တလက်လက် စီးဆင်းနေတာမို့ ရွှေဝါပြည်လို့ တင်စားအပ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ၁၉၆၂ ခုနှစ်ကစ စစ်ငပုပ် အဖမ်းခံရလို့ အလင်းရောင်ချုပ်ပျောက်ပြီး ညဉ့်အမှောင်နက်အောက် ကျရောက်ခဲ့ရတာ ယနေ့ထက်ထိတိုင်ပါပဲ။
လူမဆန်တဲ့ စစ်ဘီလူးသဘက်တွေ မိုက်ရိုင်းထွားကျိုင်းခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းခဲ့ရတဲ့ အမှောင်ခေတ်အတွင်းမှာ အမှန်တရားကို မြတ်နိုးကြတာမို့ မိမိကိုယ်ကိုယ် လောင်ကျွမ်းခံလို့ နိုင်ငံတော်ရဲ့ မိုးကောင်းကင်ယံထက်မှာ တောက်ပ အလင်းပြသွားကြတဲ့ အာဇာနည် အထောင်အသောင်းဟာ ကြယ်တံခွန်ကြီးတွေပမာ ပေါ်ထွန်းခဲ့တယ်။
စစ်မိစ္ဆာတို့ရဲ့ လက်ဦးဆရာ နေဝင်းလက်ထက်မှာ ပထမဆုံး ကြွေလွင့်ခဲ့ရတဲ့ ကြယ်တံခွန်တွေကတော့ ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင်အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း မောင်းပြန်သေနတ်တွေနဲ့ အပစ်ခံပြီး အသက်ပေးခဲ့ရတဲ့ ရာဂဏန်းရှိမယ့် ကျောင်းသားအာဇာနည် ကြယ်တံခွန်တွေ ဖြစ်ကြပါတယ်။
အဲဒီနောက် အလင်းပြခဲ့ကြတဲ့ အညတြအာဏာနည် ကြယ်တံခွန်တွေကတော့ ၁၉၇၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ၅၃ ရက်ကြာခဲ့တဲ့ ကိုကိုးကျွန်း အကျဉ်းစခန်းဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်သိန်းကြည်၊ ရဲဘော်အုံးမော်၊ ရဲဘော်ချစ်ဆွေ၊ ရဲဘော်ထွန်းမြင့်၊ ရဲဘော်စိန်ချင်း၊ ရဲဘော်မောင်မောင်စိုး၊ ရဲဘော်လေးမောင်၊ ရဲဘော်ထွန်းဝင်းတို့ ဖြစ်ပါတယ်။
ဂုဏ်ရောင်ထွန်းပြောင်တဲ့ ကျောင်းသားသမိုင်းမှာ ထင်ရှားတဲ့ ကြယ်တံခွန်ကြီးတစင်းကတော့ ကျွန်းဆွယ်အားကစား ကျောင်းသားလှုပ်ရှားမှု၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်း စတာတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဖြစ်ပြီး သူဟာ စစ်အာဏာရှင်ထံ ဒူးမထောက်ခဲ့တာမို့ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လွတ်လပ်ရေးရပြီးနောက် မြန်မာ့သမိုင်းမှာ ပထမဆုံး ကြိုးပေးသတ်ဖြတ်ခြင်း ခံခဲ့ရသူ ဖြစ်လာပါတယ်။ နောက်တော့ စစ်အာဏာရှင် နေဝင်းကို ဖယ်ရှားရှင်းလင်းဖို့ ကြံစည်မှုနဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ ကွပ်မျက်ခံခဲ့ရပါတယ်။
၁၉၈၇ ခုနှစ် ငွေစက္ကူအရေးအခင်း၊ ၁၉၈၈ မတ်လ ၁၃၊ ၁၆ ရက် စက်မှုတက္ကသိုလ် ကျောင်းသားအရေးအခင်းနှင့် အင်းယားကန်ဘောင်ဘေး တံတားနီကျောင်းသားလှုပ်ရှားမှု နှိမ်နင်းလူသတ်ပွဲ၊ ၁၉၈၈ ဇွန်လ မြေနီကုန်းအရေးအခင်း နှိမ်နင်းလူသတ်ပွဲ၊ ၁၉၈၈ စက်တင်ဘာလထဲမှာ ရှစ်လေးလုံး လူထုအရေးတော်ပုံကို စစ်အာဏာရှင်တွေက လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းခဲ့တာမို့ ရန်ကုန်မြို့တော်ခန်းမရှေ့နဲ့ စစ်ကိုင်းလူသတ်ပွဲကအစ နိုင်ငံလုံး အတိုင်းအတာနဲ့ဆို အညတြ အာဇာနည်ကြယ်တံခွန်ပေါင်း သောင်းချီ ကြွေလွင့်ခဲ့ရပြန်ပါတယ်။
မိခင်ဗိုက်ထဲက ကလေး အစိတ်သားတောင် မကျန်အောင် သတ်ခိုင်းခဲ့တဲ့ ဒုတိယစစ်အာဏာရှင် သန်းရွှေတို့လက်ထက် ၁၉၉၅-၉၆ ကျောင်းသားလှုပ်ရှားမှုတွေ၊ ၂၀၀၃ ခုနှစ် ဒီပဲယင်း လူသတ်ပွဲ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြိုခွင်းသတ်ဖြတ်မှုတွေမှာလည်း ကြယ်တံခွန်များစွာ ကြွေလွင့်ခဲ့ရသလို စစ်မိစ္ဆာထောက်လှမ်းရေး ခင်ညွန့်တို့ရဲ့ စစ်ကြောရေးစခန်းတွေနဲ့ ထောင်ထဲမှာ၊ နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ အသက်ဆုံးခဲ့ရတဲ့အထဲမှာ လူသိထင်ရှားတဲ့ ကြယ်တံခွန်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးမောင်ကို၊ ဦးညိုဝင်း၊ စာရေးဆရာ မောင်သော်က၊ တကသကျောင်းသားခေါင်းဆောင် ကိုသက်အောင်တို့ ဖြစ်ကြပြီး စစ်အခွင့်ထူးခံ ခေါင်းမာဂိုဏ်းသားတွေ တမင်ရည်ရွယ်လုပ်ကြံတာခံရပြီး ကြွေလွင့်ခဲ့ရတဲ့ အာဇာနည် ကြယ်တံခွန်ကြီးတစင်းကတော့ ဗဟိုတရားရုံးရှေ့နေကြီး ဦးကိုနီ ဖြစ်ပါတယ်။ နောက်တခါ စစ်ဗိုလ်ယုတ်တွေ ရမ်းကားရက်စက်စွာ ညှဉ်းပန်းသတ်ဖြတ်တာ ခံခဲ့ရသူကတော့ အလွတ်သတင်းထောက် ကိုပါကြီး ဖြစ်ပါတယ်။
အခုနောက်ဆုံး တတိယစစ်အာဏာရှင်မျိုးဆက် စစ်တိရစ္ဆာန် သမ္မတရူး မင်းအောင်လှိုင်တို့ နိုင်ငံ့အာဏာကို လက်နက်နဲ့ အကြမ်းဖက်လုယူခဲ့တဲ့ ၁ နှစ်ခွဲနီးပါးကာလအတွင်း သေနတ်နဲ့ ပစ်သတ်တာ၊ မီးရှို့သတ်တာ၊ သေဆုံးသည်အထိ ရိုက်နှက်ညှဉ်းပန်းသတ်တာ၊ ကားနဲ့တိုက်သတ်တာ စတဲ့ လူမဆန်တဲ့နည်းမျိုးစုံ ခံကြရပြီး ကျဆုံးခဲ့ရတဲ့ အာဇာနည်ပြည်သူပေါင်း ၂,၁၀၀ ကျော်ခဲ့ပြီး ဖြစ်ပါတယ်။ ကျဆုံးခဲ့ရတဲ့ အာဇာနည် သူရဲကောင်းအားလုံး နာမည်ကို ဒီဆောင်းပါးတပုဒ်နဲ့ အကုန်မဖော်ပြနိုင်တာမို့ တချို့တဝက်ကိုသာ ဖော်ပြပေးလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် မန္တလေး ဆန္ဒပြလူအုပ်အတွင်း ကားတစီး ဝင်တိုက်ခဲ့တာကြောင့် စင်္ကြာနွယ်စင်ရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ်ရှိ ကိုကိုဦး (ခေါ်) ကိုနပွားဟာ ကားနဲ့တရွတ်တိုက်ပါသွားပြီး သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် ၂၀၂၁ နွေဦးတော်လှန်ရေးဟု တင်စားကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ကိုကိုဦးဟာ ပထမဆုံး အသက်ပေးသွားခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
နေပြည်တော် သပြေကုန်းအဝိုင်း ဆန္ဒပြနေတဲ့ လူအုပ်ကို စစ်တပ်လက်အောက်ခံ ပြည်ထဲရေးမှ ရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၉ နေ့မှာ သေနတ်တွေနဲ့ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ အသက် ၂၀ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကိုထိမှန်လို့ သေဆုံးခဲ့ရပါတယ်။ ဒါကြောင့် မမြသွဲ့သွဲ့ခိုင်ဟာ နွေဦးတော်လှန်ရေးမှာ ပထမဆုံး ကျည်သင့်သေဆုံးသူ ဖြစ်လာခဲ့ပါတယ်။
မြိတ်မြို့က ၁၈ နှစ်ရွယ် ကိုနေနေဝင်းထက်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁၄ ရက်ည မီးကင်းစောင့်စဉ်မှာ စစ်အကြမ်းဖက်ကောင်စီ လက်ပါးစေတွေက ဦးခေါင်းကို ပြင်းထန်စွာ ရိုက်နှက်တာခံခဲ့ရပြီး နောက်တနေ့ ရန်ကုန်ကို ဆေးကုဖို့ပို့ခဲ့ရာ လမ်းခုလတ်မှာ အသက်မမီခဲ့ပါဘူး။
ဖေဖော်ဝါရီ ၂၀ က မန္တလေးကမ်းနားလမ်း ရတနာပုံသင်္ဘောကျင်းရှေ့၌ ဆန္ဒပြနေသော လူအုပ်ကို တပ်နဲ့ ရဲက မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တို့ဖြင့် အင်အားသုံးကာ ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် အသက် ၃၇ နှစ်အရွယ် ကိုသက်နိုင်ဝင်း (ခ) ကိုမင်း သေဆုံးခဲ့သလို ၁၆ နှစ်သား မောင်ဝေယံထွန်းဟာ ဦးခေါင်းကို ကျည်ဆန်ထိမှန်ပြီး နေရာမှာပင် သေဆုံးခဲ့ပါတယ်။
နောက်တခါ Myanmar Net ရဲ့ Networkအင်ဂျင်နီယာတဦးဖြစ်တဲ့ ကိုညီညီအောင်ထက်နိုင်ဟာ ပြည်လုံးကျွတ် ပါဝင်ဆင်နွှဲတဲ့ Milk Tea မဟာမိတ်စုပေါင်းဆန္ဒပြပွဲနေ့ နိုင်ငံတကာက သွေးစွန်းသော တနင်္ဂနွေလို့ သတ်မှတ်ခဲ့ကြတဲ့ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၉ နာရီ မိနစ် ၂၀ မှာ ရန်ကုန် လှည်းတန်း အကြမ်းဖက်ဖြိုခွင်းမှုအတွင်း ဝမ်းဗိုက်မှာ ကျည်ထိမှန်ခံရပြီး ကျဆုံးသွားခဲ့ရပါတယ်။
နိုင်ငံတကာသတင်းဌာနများစွာက သတင်းဖော်ပြခဲ့ကြတဲ့ မန္တလေး ၈၄ လမ်းနဲ့ လမ်း ၃၀ ထောင့်တွင် မတ် ၃ အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲအတွင်းမှာ အသက် ၁၈ နှစ်အရွယ်ရှိ အဆိုအက ဝါသနာပါသူ တိုက်ကွမ်ဒိုအားကစားသမား မကြယ်စင် (ခ) တိန့်ကျားရှီဟာ ဦးခေါင်းကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ပြန်ပါတယ်။ သူဝတ်ဆင်ထားတဲ့ အနက်ရောင်တီရှပ်ပေါ်မှာ Everything will be OK ဆိုတဲ့ စာတန်းဖြူကို ရိုက်နှိပ်ထားပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှူဒါန်းသည်ဟု ကြိုတင်စာရေးသားခဲ့ရာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။
မန္တလေးမြို့၊ အောင်ပင်လယ်အရပ်မှာ မတ်လ ၂၃ ညနေပိုင်း လေးနာရီခန့်က အကြမ်းဖက် ပြည်သူသတ် စစ်ကောင်စီရဲ့ လက်နက်ကိုင်စစ်သားတွေဟာ ကား၊ ဆိုင်ကယ်တွေနဲ့ ရောက်လာခဲ့ကြပြီး နေအိမ်တခုအတွင်း တံခါးတွေကို ကန်ကျောက် ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ လူအကုန်လုံးကိုထိုင်ဖို့ အမိန့်ပေးခဲ့တုန်းက ၇ နှစ်အရွယ် မိန်းကလေး မခင်မျိုးချစ်ဟာ ကြောက်လို့ ဖခင်ရဲ့ရင်ခွင်တွင်း ခိုဝင်ခဲ့ပါတယ်။ အိမ်ရှိလူအကုန် ဟုတ်၊ မဟုတ် မေးမြန်းခဲ့ရာမှာ လိမ်လည်ဖြေဆိုတယ်လို့ဆိုပြီး သေနတ်နဲ့ မညှာမတာ ပစ်ခတ်ခဲ့တာမို့ မခင်မျိုးချစ်လေးဟာ ဝမ်းဗိုက်ကို ကျည်ဆန်ထိမှန်ခဲ့ပါတယ်။ စစ်သားတွေ ပြန်သွားတဲ့အခါ ဆေးရုံကို သွားရောက်ပြသခဲ့ပေမဲ့လည်း ၇ နှစ်အရွယ် မခင်မျိုးချစ်လေးကို ကယ်ဆယ်နိုင်ခဲ့ခြင်း မရှိပါဘူး။
၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်နေ့က ပဲခူးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တွေက အင်အားအလုံးအရင်းနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ အညတြအာဇာနည် အရပ်သားပြည်သူ ၈၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒီလထဲမှာပဲ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြတဲ့အထဲမှာ ထင်ရှားတဲ့သူတွေထဲက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ လှိုင်သာယာမြို့က ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ဇူလိုင် ၂၃ ရက် စနေနေ့ မနက်မှာ ခိုးကြောင်ခိုးဝှက် သေဒဏ်ပြစ်ဒဏ်စီရင်ခဲ့ပါတယ်။
အဲဒီလို လူ့ဂုဏ်သိက္ခာကို အမြင့်ဆုံးနင်းချေလို့ တရားမမျှတစွာ လူ့အသက်ကို အဆုံးစီရင်ခဲ့ကြတဲ့ လူသတ်လိုင်စင်ရ အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့ကျမှ နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ထုတ်ပြန်ကြေညာလိုက်တဲ့ သတင်းဟာ မြန်မာတနိုင်ငံအတွက်သာမက တကမ္ဘာလုံးနဲ့ ယဥ်ကျေးတဲ့ လူသားမျိုးနွယ်တရပ်လုံးအတွက် ယူကျုံးမရ ဝမ်းနည်းဖွယ် သတင်းဆိုးကြီး ဖြစ်ခဲ့ပါတယ်။
အဲဒါအပြင် တက္ကသိုလ်ကျောင်းသားတွေ လူငယ်ပညာရှင်တွေနဲ့ အမျိုးသမီး ၈ ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရတဲ့ ကျန်အကျဉ်းသား ၇၄ ဦးဟာလည်း အာဏာလုစစ်ကောင်စီရဲ့ လက်ထဲမှာ ဥပဒေမဲ့သတ်ဖြတ်တာ ခံရနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဗုဒ္ဓဟူးနေ့မှာ သတိပေးခဲ့ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မကောင်းဆိုးဝါး စစ်တိရစ္ဆာန် ဘီလူးသဘက်တွေဟာ သူတို့ အခွင့်ထူးခံခွင့် တည်မြဲဖို့၊ ခိုးရာပါ တိုက်ရာပါ ပစ္စည်းတွေကို ကာကွယ်ဖို့နဲ့ သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု ကုဋေကုဋာအပြစ်တွေ ပြန်ခံရမှာ စိုးရွံ့တာကြောင့် အမှန်တရားကို မြတ်နိုးကြတဲ့ မဟုတ်မခံ အာဇာနည်ပြည်သူ အထောင်အသောင်းကို ရမ်းကားယုတ်မာရက်စက်စွာ သတ်ဖြတ်လာခဲ့ကြတာဟာ အခုဆို စစ်အာဏာရှင်စနစ် ဇာတ်သိမ်းခန်း နိဂုံးသတ်ရတော့မယ့် အခြေအနေကို ဆိုက်ရောက်လို့လာပါပြီ။
အသိဉာဏ်ချို့တဲ့ မိုက်မဲပြီး ကိုယ်ကျင့်သီလ ယုတ်ညံ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ သူတို့မပိုင်တဲ့ နိုင်ငံတော်အာဏာ ၃ ရပ်ကို လက်နက်နဲ့ အကြမ်းဖက်လုယူပြီး အဲဒီအာဏာ၊ ဥပဒေတွေ၊ လက်နက်တွေကို ဖိနှိပ်ရေးကိရိယာအဖြစ် အသုံးချလို့ တရားမဲ့သတ်ဖြတ်ပြီး အကြောက်တရားဝန်းကျင်ကို ဖန်တီးလို့ အရင်တုန်းကလို ဆက်အုပ်ချုပ်ခွင့်ရအုံးမယ် ထင်နေကြပုံရပါတယ်။
တကယ်တော့ စစ်ဘီလူးတွေ နားမလည်နိုင်ခဲ့တဲ့အချက်က တနိုင်ငံလုံးက တိုင်းရင်းသား လုပ်သားပြည်သူ အများစုကြီးမှာ အကြောက်တရားတွေ ကွယ်ပျောက်ခဲ့ပြီဆိုတဲ့ အချက်နဲ့ စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို မဖြစ်မနေ တည်ဆောက်ဖို့ ခိုင်ခိုင်မာမာ စိတ်ပိုင်းဖြတ်ပြီးကြပြီး သန္နိဋ္ဌာန်ချမှတ်ပြီးကြပြီ ဆိုတာပါပဲ။
ပြည်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သတ်ဖြတ်လေလေ အာဇာနည်ကြယ်တံခွန်ကြီးတွေ အရှိန်တညီးညီး လောင်ကျွမ်းလို့ မြန်မာ့မိုးကောင်းကင်ထက်မှာ ပိုလို့တောက်ပလင်းထိန်ပြီး စစ်အာဏာရှင်စနစ် နောက်ဆုံးရက်တွေ ပိုမိုမြန်ဆန်စွာ ရောက်ရှိလာမယ်ဆိုတာ မီးကိုတိုးတဲ့ ပိုးဖလံမျိုးသဖွယ် စစ်မကောင်းဆိုးဝါး သတ္တဝါတွေနဲ့ ထောက်ခံသူ လူမိုက်၊ ရဟန်းမိုက်တွေ သိနိုင်မယ်၊ နောင်တရလိမ့်မယ် မထင်ပါကြောင်း။
မင်းကောင်းချစ်