ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလတ်ဗ်ရော့ဗ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဩဂုတ် ၃ ရက်က တွေ့ဆုံပြီး ကောင်စစ်ဝန်ရုံးတွေ တိုးချဲ့ဖွစ်လှစ်ဖို့ အပါအဝင် ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေး စတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံဆက်ဆံရေး လာမယ့် ၂၀၂၃ ခုနှစ်မှာ ၇၅ နှစ်ပြည့် စိန်ရတုအခမ်းအနားတွေ ကျင်းပရေး၊ သံတမန်ဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရုရှားနိုင်ငံမှာ မြန်မာ ကောင်စစ်ဝန်ရုံး ၂ ရုံးထပ်ဖွင့်ဖို့နဲ့ မြန်မာနိုင်ငံမှာလည်း ရုရှားကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်နိုင်ရေးတို့အပြင် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းတွေ တိုးချဲ့ဖွင့်လှစ်ရေး ကြိုးပမ်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံတွေဖြစ်လို့ မိမိတို့နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြည်ပစွက်ဖက်မှုတွေမပါဘဲ မိမိတို့အစိုးရတွေကစီမံ ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအစိုးရနဲ့ စစ်တပ်အရာရှိကြီးတွေ ချစ်ကြည်ရေးခရီး အပြန်အလှန် လည်ပတ်ရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အရပ်ဘက်၊ စစ်ဘက် ပညာတော်သင်တွေ ထပ်မံစေလွှတ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအရတည်ငြိမ် အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုတွေ ရရှိချိန်မှာ ရွေးကောက်ပွဲပြန်လည်ကျင်းပသွားမယ်လို့ စစ်ခေါင်းဆောင်က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံတကာမျက်နှာစာမှာ အပြန်အလှန် ယုံကြည်၊ နားလည်မှုတွေကို အခြေခံလျက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတို့ပါဝင်တဲ့ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို အလုပ်သဘောခရီးစဉ်အဖြစ် ဩဂုတ် ၃ ရက်က ရောက်ရှိလာတာဖြစ်ပါတယ် ။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလတ်ဗ်ရော့ဗ်ဟာ ၂၀၁၃ ခုနှစ် ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက်တုန်းကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး အခု စစ်တပ်အာဏာသိမ်းထားချိန်မှာ နောက်ထပ်တကြိမ် ရောက်လာတာဖြစ်ပါတယ်။
Photo-DSINFO